သတိုး
၁၇. ၉. ၂၀၂၆
ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်တစ်လျှောက် ဘန်ဒါဘန် (Bandarban) ခရိုင်၊ နိုင်ခယောင်ဆာရီ (Naikhyangchhari) မြို့နယ်၊ ဂုမ်ဒမ် (Ghumdhum) ဒေသအတွင်းရှိ အာရက္ခတလတောင်ကုန်း (Aracchatala Tila) နှင့် ဟာတူရာနီတောင်ကုန်း (Haturani Tila) တို့တွင် အသစ်တည်ဆောက်ထားသည့် ယာယီစစ်ဆင်ရေးစခန်း (Temporary Operational Bases – TOBs) နှစ်ခုကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ (BGB)က ဖွင့်လှစ်လိုက်သည်။
စခန်းသစ်များသည် နယ်စပ်တစ်လျှောက် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ (BGB) ၏ စောင့်ကြည့်စစ်ဆေးနိုင်မှုနှင့် စစ်ဆင်ရေးဆောင်ရွက်နိုင်မှု စွမ်းရည်များကို ပိုမိုအားကောင်းလာစေမည်ဖြစ်ကြောင်း ယနေ့ညနေပိုင်းတွင် ထုတ်ပြန်သည့် သတင်းထုတ်ပြန်ချက်တစ်ခု၌ ဖော်ပြထားသည်။
BGB ကော့စ်ဘဇားဒေသ တပ်မှူး ဗိုလ်မှူးချုပ် ကာဇီရှမ်ရှားအူဒင်း (Brigadier General Kazi Samsher Uddin) က ယနေ့နံနက်ပိုင်းတွင် အဆိုပါ ယာယီစခန်းနှစ်ခုကို တရားဝင် ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်။
ဖွင့်လှစ်ပွဲကာလအတွင်း ဒေသတပ်မှူးသည် စခန်းများ၏ အဆောက်အအုံဆိုင်ရာ အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး နယ်စပ်လုံခြုံရေး သေချာစေရန်အတွက် တာဝန်ကျ BGB တပ်ဖွဲ့ဝင်များအနေဖြင့် အထူးစောင့်ကြည့်မှု၊ ကျွမ်းကျင်မှု၊ ထိရောက်မှုတို့ဖြင့် တာဝန်ထမ်းဆောင်ကြရန် လိုအပ်သည့် ညွှန်ကြားချက်များ ပေးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယခု အသစ်တည်ဆောက်လိုက်သည့် စခန်းများသည် ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်တစ်လျှောက် BGB ၏ စောင့်ကြည့်စစ်ဆေးမှုနှင့် ကင်းလှည့်မှုများကို ပိုမိုထိရောက်ပြီး တက်ကြွလှုပ်ရှားမှု ရှိစေမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ထို့အပြင် ယခုစခန်းများသည် မူးယစ်ဆေးဝါး မှောင်ခိုကုန်ကူးမှု၊ ကုန်ပစ္စည်း မှောင်ခိုထုတ်လုပ်မှုနှင့် တရားမဝင် ဝင်ရောက်မှုများကို တားဆီးရာတွင်လည်းကောင်း၊ နယ်စပ်ဒေသတွင် နေထိုင်ကြသည့် ပြည်သူများ၏ လုံခြုံရေးကို အာမခံပေးရာတွင်လည်းကောင်း တပ်ဖွဲ့၏ စစ်ဆင်ရေးစွမ်းရည်ကို မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
အထူးသဖြင့် နယ်စပ်တစ်လျှောက် ဝေးလံခေါင်ဖျားပြီး ထိခိုက်လွယ်သည့် ဒေသများတွင် ဖြစ်ပေါ်လာသည့် မည်သည့်အခြေအနေမဆို BGB တပ်ဖွဲ့ဝင်များအနေဖြင့် လျှင်မြန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ဒေသတပ်မှူးက ဖြည့်စွက်ပြောကြားခဲ့သည်။
ဖွင့်လှစ်ပွဲသို့ BGB ရာမူ (Ramu) တပ်မှူး ဗိုလ်မှူးကြီး Md Anwar-ul-Alam နှင့် ကော့စ်ဘဇား တပ်ရင်း (၃၄ BGB) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး SM Khairul Alam တို့အပြင် အခြား BGB အရာရှိများနှင့် တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Ref: BSS
