သက်တံ့
၁၇. ၉. ၂၀၂၆
မြန်မာ့ရေးရာဆိုင်ရာ အမေရိကန်နိုင်ငံသား သုတေသီမင်းဇင် တရုတ်နိုင်ငံတွင် ထိန်းသိမ်းခံထားရသည်မှာ သုံးလကျော်အကြာ၊ ၎င်း၏ဇနီးဖြစ်သူက လာမည့်သီတင်းပတ် (စက်တင်ဘာ ၂၄ ရက်) တွင် တရုတ်သမ္မတရှီကျင့်ဖျင်နှင့် တွေ့ဆုံသည့်အခါ ၎င်း၏ခင်ပွန်း လွတ်မြောက်ရေးအတွက် ဆောင်ရွက်ပေးရန် အမေရိကန်သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်ထံ တိုက်ရိုက်တောင်းဆိုလိုက်သည်။
“မတရားဖမ်းဆီးခံထားရတဲ့ အမေရိကန်နိုင်ငံသားတွေကို အိမ်ပြန်ခေါ်ဆောင်ပေးခဲ့တဲ့ သမ္မတရဲ့ သမိုင်းဝင် စံချိန်တင်အောင်မြင်မှုတွေကို သိရှိထားတာကြောင့် မင်းဇင်နဲ့ မတရားထိန်းသိမ်းခံထားရတဲ့ အခြားအမေရိကန်နိုင်ငံသားတွေကိုလည်း မြန်မြန်ဆန်ဆန် လွှတ်ပေးနိုင်လိမ့်မယ်လို့ ကျွန်မ ယုံကြည်ပါတယ်” ဟု အထက်လွှတ်တော် ကြားနာပွဲတစ်ခုအတွင်း ဆယ်လ်ဗီးယားဇင် (Sylvia Zin) က ပြောကြားခဲ့သည်။
ကယ်လီဖိုးနီးယား ဘာကလေက္ကသိုလ် ပညာရှင်နှင့် ISP-Myanmar သုတေသနအဖွဲ့တည်ထောင်သူ အမှုဆောင်ဒါရိုက်တာ မင်းဇင်သည် ပညာရပ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတစ်ခုအတွက် ဇွန်လအတွင်း တရုတ်နိုင်ငံသို့ သွားရောက်ခဲ့စဉ် အမျိုးသားလုံခြုံရေးကို ထိခိုက်စေသည်ဟူသော သံသယဖြင့် တရုတ်ပြည်နယ် လုံခြုံရေးအဖွဲ့၏ ထိန်းသိမ်းခြင်းကို ခံခဲ့ရခြင်းဖြစ်ကြောင်း ၎င်း၏ဇနီးဖြစ်သူက ပြောသည်။

၎င်းသည် တရုတ်နိုင်ငံတွင် မတရားထိန်းသိမ်းခံထားရသူအဖြစ် အမေရိကန် နိုင်ငံခြားရေးဌာနက သတ်မှတ်ထားသည့် အမေရိကန်နိုင်ငံသား နှစ်ဦးအနက် တစ်ဦးဖြစ်သည်။ အခြားတစ်ဦးမှာ တရုတ်နိုင်ငံတွင် နှစ်နစ်နီးပါး ထိန်းသိမ်းခံထားရသည့် တရုတ်နွယ်ဖွား အမေရိကန် ငလျင်ဗေဒပညာရှင် ယူလင်းချန် (Youlin Chen) ဖြစ်သည်။ ၎င်းတို့၏ ဖြစ်စဉ်များကို ပေကျင်းနှင့် သံတမန်ရေးအရ ဆက်ဆံရာတွင် အမေရိကန်အစိုးရက ထိပ်တန်းဦးစားပေးအဖြစ် သတ်မှတ်ထားသည်။
ရှီကျင့်ဖျင်၏ ဝါရှင်တန်ခရီးစဉ် နီးကပ်လာသည်နှင့်အမျှ တရုတ်နိုင်ငံတွင် ထိန်းသိမ်းခံထားရသူများ၏ မိသားစုများသည် အဆင့်မြင့်ဆုံးအဆင့်၏ အာရုံစိုက်မှုကို ရရှိပြီး မိသားစုဝင်များ အိမ်ပြန်ရောက်လာနိုင်ရန် မျှော်လင့်ချက်ဖြင့် ဝါရှင်တန်သို့ ရောက်ရှိလာကြသည်။ အကျဉ်းကျခံနေရသည့် ဟောင်ကောင် မီဒီယာလုပ်ငန်းရှင်ဟောင်း ဂျင်မီလိုင် (Jimmy Lai) ၏ သားဖြစ်သူသည်လည်း လူသားချင်းစာနာမှုဆိုင်ရာ အကြောင်းပြချက်ဖြင့် ၎င်း၏ဖခင် လွတ်မြောက်ရေးအတွက် တောင်းဆိုရန် ဗုဒ္ဓဟူးနေ့က လွှတ်တော်သို့ ရောက်ရှိလာခဲ့သည်။
ပြီးခဲ့သည့် မေလက တရုတ်နိုင်ငံသို့ ပြည်နယ်အဆင့် ခရီးစဉ်အတွင်း ရှီကျင့်ဖျင်နှင့်တွေ့ဆုံစဉ် ထရမ့်ပ်က တရုတ်လူမျိုး ခရစ်ယာန်သင်းအုပ်ဆရာ အက်ဇရာဂျင်မင်းရီ (Ezra Jin Mingri) ၏ အရေးကို မေးမြန်းခဲ့ပြီးနောက် ဇူလိုင်လတွင် ပေကျင်းက ၎င်းကို ရုတ်တရက် လွှတ်ပေးခဲ့သည်။
◾️ မင်းဇင်၏ ကျန်းမာရေးအတွက် ဇနီးဖြစ်သူ စိုးရိမ်မကင်းဖြစ်နေရ
အဆိုပါ ဖမ်းဆီးခံအမျိုးသားများ လွတ်မြောက်ရေးအတွက် သဘောတူညီချက် ရရှိနိုင်မရှိဆိုသည်ကို ဝါရှင်တန်ရှိ တရုတ်သံရုံးက ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။ သို့သော် ပင်လယ်ရပ်ခြားတွင် ထိန်းသိမ်းခံထားရသည့် အမေရိကန်နိုင်ငံသားတိုင်း အိမ်ပြန်လာစေလိုကြောင်း အိမ်ဖြူတော်က ပြောကြားထားသည်။
ဆယ်လ်ဗီးယားဇင်က အသက် ၅၃ နှစ်အရွယ် ၎င်း၏ခင်ပွန်းကို စွပ်စွဲထားသည့် ပြစ်မှုအကြောင်း သိရချိန်တွင် “လုံးဝ တုန်လှုပ်ချောက်ချားခဲ့ရသည်” ဟု ထွက်ဆိုချက်တွင် ထည့်သွင်းပြောကြားခဲ့သည်။ ခင်ပွန်းဖြစ်သူ၏ လုပ်ဆောင်ချက်များသည် မြန်မာနိုင်ငံဆိုင်ရာ အများပြည်သူဆိုင်ရာ သုတေသနများဖြစ်ပြီး ၎င်းသည် လွတ်လပ်သော ပညာရပ်ဆိုင်ရာ လွတ်လပ်ခွင့်အတွက် မြှုပ်နှံထားသူဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ကျွန်မတို့ သမီးလေးအတွက် ကြံ့ကြံ့ခံနိုင်အောင် ကြိုးစားနေပါတယ်။ ဒါပေမဲ့ သူ့ရဲ့ အခြေအနေနဲ့ အိမ်ကို ဘယ်လိုပြန်ခေါ်ရမလဲဆိုတာ စဉ်ဆက်မပြတ် တွေးတောနေရပါတယ်” ဟု အောက်လွှတ်တော် နိုင်ငံခြားရေး ကော်မတီခွဲ၊ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ ကြားနာပွဲတွင် ၎င်းက ထွက်ဆိုပေးခဲ့သည်။
၎င်းသည် ခင်ပွန်းဖြစ်သူနှင့် တိုက်ရိုက် စကားမပြောဆိုနိုင်သေးဘဲ ၎င်းထံ သွားရောက်ကြည့်ရှုသည့် အမေရိကန် ကောင်စစ်အရာရှိများထံမှတစ်ဆင့်သာ အခြေအနေကို သိရှိရခြင်း ဖြစ်သည်။
“ဒါကြောင့် လတိုင်း အမေရိကန်ကောင်စစ်အရာရှိတွေရဲ့ ကြည့်ရှုမှုကိုပဲ ကျွန်မတို့ ရင်တမမနဲ့ စောင့်ဆိုင်းရပါတယ်။ သူ အသက်ရှင်နေသေးတယ်ဆိုတာ အတည်ပြုပေးလို့ပါပဲ” ဟု ဆယ်လ်ဗီးယားဇင်က ပြောသည်။
အမေရိကန်အရာရှိများထံမှ သိရသမျှ ခင်ပွန်းဖြစ်သူမှာ စတင်ဖမ်းဆီးခံရချိန်တွင် စစ်ဆေးမေးမြန်းမှုများကို တစ်နေ့လျှင် ၄ နာရီမှ ၆ နာရီအထိ ခံခဲ့ရပြီး မီးရောင် ၂၄ နာရီလုံး လင်းနေသည့် အခန်းငယ်တစ်ခုအတွင်း ထိန်းသိမ်းခံထားရကြောင်း ၎င်းက ဆိုသည်။

◾️ ဂျင်မီလိုင်၏ မိသားစုဝင်များ တိုက်ပွဲဝင်မှု ဆက်လက်ပြုလုပ်
မေလက တရုတ်ခရီးစဉ်အတွင်း ထရမ့်ပ်က ဂျင်မီလိုင်၏ အရေးကိုလည်း ရှီကျင့်ဖျင်ထံ မေးမြန်းခဲ့သော်လည်း နောက်ပိုင်းတွင် “ခက်ခဲသည့် ကိစ္စတစ်ခု” ဟု မှတ်ချက်ပြုခဲ့သည်။
ပေကျင်းက ပြဋ္ဌာန်းခဲ့သည့် အမျိုးသားလုံခြုံရေးဥပဒေအရ ပြစ်ဒဏ်ချမှတ်ပြီးနောက် ဟောင်ကောင်တရားရုံးက လိုင်ကို ဖေဖော်ဝါရီလတွင် ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခဲ့သည်။
ရှီကျင့်ဖျင်၏ ဝါရှင်တန်ခရီးစဉ် မတိုင်မီ လိုင်၏မိသားစုက နောက်ထပ် တောင်းဆိုမှုတစ်ရပ် ပြုလုပ်ခဲ့သည်။
“ဂျင်မီလိုင်ကို မိသားစုဆီ အိမ်ပြန်ခွင့်ပေးပါ၊ သမီးဖြစ်သူရဲ့ အခက်ခဲဆုံး အချိန်မှာ ဘေးနားမှာ နေထိုင်ခွင့်ပေးပါ” ဟု ၎င်း၏သားဖြစ်သူ ဆီဘက်စတီယန်လိုင် (Sebastien Lai) က တရုတ်ဆိုင်ရာ အမေရိကန်လွှတ်တော်-အမှုဆောင် ကော်မရှင် ကြားနာပွဲအတွင်း ပြောကြားခဲ့သည်။ ၎င်း၏ဖခင်ကို “ပြစ်ဒဏ်လုံလောက်စွာ ခံစားခဲ့ရပြီးဖြစ်သည့် အသက် ၇၈ နှစ်အရွယ် အမျိုးသားတစ်ဦး” ဟု ဖော်ပြခဲ့သည်။
လိုင်၏ သမီးဖြစ်သူ ကလဲယား (Claire) မှာ ကင်ဆာရောဂါ ခံစားနေရသည်။ ၎င်းသည် လွန်ခဲ့သည့်သီတင်းပတ်က လန်ဒန်တွင် ကင်ဆာဓာတုကုထုံး (Chemotherapy) စတင်ခံယူနေပြီဖြစ်ကြောင်း ၎င်း၏မောင်ဖြစ်သူက ပြောသည်။
ပေကျင်းကို ပြင်းပြင်းထန်ထန် ဝေဖန်သူတစ်ဦးဖြစ်သည့် လိုင်သည် ၂၀၁၉ ခုနှစ် အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲကြီးများအပြီး ဖြိုခွင်းခံရစဉ် ပိတ်သိမ်းခဲ့ရသည့် ဒီမိုကရေစီလိုလားသော သတင်းစာတစ်စောင်ကို တည်ထောင်ခဲ့သူ ဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလကတည်းက ဖမ်းဆီးခံထားရကာ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလတွင် ထောင်ဒဏ် နှစ် ၂၀ ချမှတ် ခံခဲ့ရသည်။
“အသက် ၇၈ နှစ်မှာ သူဟာ ထောင်ဒဏ် နှစ် ၂၀ ကျခံနေရပြီး ဟောင်ကောင်ရဲ့ အသက်အကြီးဆုံး နိုင်ငံရေးအကျဉ်းသားတစ်ဦး ဖြစ်ပါတယ်။ အမြန်ဆုံး မလွတ်မြောက်ဘူးဆိုရင် သူ ထောင်ထဲမှာပဲ သေဆုံးသွားနိုင်ပါတယ်” ဟု သားဖြစ်သူက ပြောကြားခဲ့သည်။
Ref: AP Via US News
