သတိုး
၁၇. ၉. ၂၀၂၆
အွန်လိုင်းတွင် ဆုံတွေ့ခဲ့သည့် လေယာဉ်မှူးတစ်ဦးနှင့် စစ်မှန်သော အချစ်စစ်ကို ရှာဖွေရန် ထိုင်းနိုင်ငံ လမ်ပန်း (Lampang) ခရိုင်မှ ချင်းမိုင် (Chiang Mai) ခရိုင်သို့ ခရီးနှင်လာခဲ့သည့် အသက် ၆၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် ၎င်း၏ချစ်သူမှာ AI (ဉာဏ်ရည်တု) ဖြင့် ဖန်တီးထားသည့် ရုပ်ပုံမျှသာ ဖြစ်သည်ကို သိရှိသွားခဲ့ရသဖြင့် ဝမ်းနည်းသွားခဲ့ရကြောင်း ရဲတပ်ဖွဲ့က ကြာသပတေးနေ့ (စက်တင်ဘာ ၁၇ ရက်) တွင် ပြောကြားခဲ့သည်။
အဆိုပါဖြစ်စဉ်မှာ ဗုဒ္ဓဟူးနေ့ ည ၈ နာရီခန့်တွင် ချင်းမိုင်မြို့နယ်ရှိ ချင်းမိုင် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လေဆိပ်လုံခြုံရေး အရာရှိများသည် လေဆိပ်အဆောက်အအုံအတွင်း အဆိုပါ သက်ကြီးရွယ်အို အမျိုးသမီးကို တွေ့ရှိခဲ့ကြခြင်း ဖြစ်သည်။
အီပို (Ipo) ဟု အမည်ရသည့် အသက် ၆၆ နှစ်အရွယ် အဆိုပါ အမျိုးသမီးသည် လမ်ပန်းပြည်နယ်၊ ဝမ်နူအာ (Wang Nua) မြို့နယ်တွင် နေထိုင်သူဖြစ်ပြီး မူဆူး (လားဟူ) တိုင်းရင်းသားမျိုးနွယ်စုဝင် တစ်ဦးဖြစ်သည်။
သူမက လေဆိပ်တွင် အခြေစိုက်သည့် လေယာဉ်မှူးတစ်ဦးဟု ယုံကြည်ထားသူ “ချိုင် (Chai)” အမည်ရှိ အမျိုးသားတစ်ဦးနှင့် တွေ့ဆုံရန် ချင်းမိုင်သို့ လာရောက်ခဲ့ခြင်းဖြစ်ကြောင်း ကမ္ဘာလှည့်ခရီးသွား ရဲတပ်ဖွဲ့ ဌာနခွဲ (၂) မှ ရဲအုပ် နီတီဖတ် ဘူးလ်မတ် (Pol Lt Col Nitiphat Bulmark) က ပြောကြားခဲ့သည်။
၎င်း ရှာဖွေနေသည့် အမျိုးသား၏ ဓာတ်ပုံကို ပြသသောအခါ အဆိုပါဓာတ်ပုံမှာ AI ဖြင့် ဖန်တီးထားဟန်ရှိပြီး ဖေ့စ်ဘွတ်ခ် (Facebook) ပေါ်တွင် တင်ထားသည့် ပုံဖြစ်ကြောင်း အရာရှိများက သုံးသပ်ခဲ့ကြသည်။

ကနဦး စစ်ဆေးမေးမြန်းမှုများအရ အီပိုသည် ဝမ်နူအာမြို့နယ်မှ ချင်းမိုင်ရှိ အာကိတ် (Arcade) အဝေးပြေးကားဂိတ်သို့ မော်တော်ယာဉ်ဖြင့် လာရောက်ခဲ့ပြီး ထိုမှတစ်ဆင့် “ချိုင်” ကို ရှာဖွေရန် သုံးဘီးဆိုင်ကယ် (Tuk-tuk) ဖြင့် လေဆိပ်သို့ ဆက်လက်လာရောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
၎င်းသည် ဖေ့စ်ဘုတ်ပေါ်ရှိ လူမှုကွန်ရက် အကြောင်းအရာများကို ကြည့်ရှုအပြီး အဆိုပါ ရုပ်ပုံပေါ်တွင် စိတ်ကူးယဉ် သံယောဇဉ် တွယ်ကပ်သွားခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က စစ်ဆေးတွေ့ရှိခဲ့သည်။ အဆိုပါ အမျိုးသမီးမှာ ၎င်း၏ တောင်ပေါ်တိုင်းရင်းသား ဘာသာစကားကိုသာ အဓိက ပြောဆိုပြီး စိတ်ဝေခွဲမရဖြစ်နေဟန် တူသောကြောင့် ဆက်သွယ်ပြောဆိုရန် ခက်ခဲခဲ့သည်။
နောက်ပိုင်းတွင် ခရီးသွားရဲတပ်ဖွဲ့နှင့် ကယ်ဆယ်ရေး ဝန်ထမ်းများသည် ၎င်း၏ သားဖြစ်သူထံ ဆက်သွယ်နိုင်ခဲ့ပြီး အခြေအနေကို အကြောင်းကြားခဲ့သည်။ မိသားစုဝင်များကမူ ၎င်း အိမ်မှ ထွက်ခွာသွားသည်ကို မသိရှိခဲ့ကြပေ။
ရဲအရာရှိများက ၎င်းအား အစားအသောက်၊ သောက်ရေနှင့် စောင်များ ပံ့ပိုးပေးခဲ့ပြီး လေဆိပ်လုံခြုံရေး ဝန်ထမ်းများက လေဆိပ်အဆောက်အအုံအတွင်း ယာယီနားနေရန် ဘေးကင်းသော နေရာတစ်ခု စီစဉ်ပေးခဲ့ကြသည်။
အီပို၏ ချစ်သူအမျိုးသားသည် အွန်လိုင်းလိမ်လည်သူများက ငွေလိမ်ရန်ကြိုးပမ်းထားသည့် AI ရုပ်ပုံသာဖြစ်ပုံရသော်လည်း အီပိုအနေဖြင့် သံယောဇဉ်မှအပ မည်သည့်အရာမျှ လိမ်လည်ခံရဖွယ်မရှိသည့် အခြေအနေမှာလည်း ကံကောင်းထောက်မခဲ့သည်။
ယနေ့ (ကြာသပတေးနေ့) နံနက်ပိုင်းတွင်မူ ခရီးသွားရဲတပ်ဖွဲ့သည် အီပိုကို အဝေးပြေးကားဂိတ်သို့ လိုက်ပါပို့ဆောင်ပေးခဲ့ပြီး သားဖြစ်သူ စောင့်ဆိုင်းနေသည့် ဝမ်နူအာသို့ ပြန်ရန် ကားလက်မှတ် ဝယ်ယူပေးခဲ့ကြသည်။
Ref: Bangkok Post
