



၁၇.၉.၂၀၂၆
Written By Thandar
Aung Myin Thu (Koe Kha Yine) Film Production က မင်းသား စစ်သွေးရဲ့ရှစ်နှစ်ကြာမှ Comeback အနေနဲ့ တစ်ကျော့ပြန် ပြန်လည်သရုပ်ဆောင်မယ့် “ငါတို့သမိုင်း မရိုင်းစေရ” ဇာတ်လမ်းတွဲ ကန်တော့ပွဲပေးပွဲကို ယနေ့ စက်တင်ဘာ ၁၇ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ်ရှိ ရွှေဘုန်းပွင့်ဘုရားမှာ ကျင်းပခဲ့ပါတယ်။
“ကျွန်တော့်အနေနဲ့ ဇာတ်ကားတွေ တော်တော်များများ ရိုက်ဖြစ်ခဲ့ပေမယ့် တချို့ကလည်း ကျွန်တော့်ကို အသစ်လို့ပဲထင်နေတယ်။ တကယ် ဗီဒီယိုခေတ်ဆိုတော့ သိပ်မသိတာလည်း ရှိကြပါတယ်။ ခုကတော့ ဇာတ်ကားတွေ မရိုက်ဖြစ်တာ ရှစ်နှစ်ရှိခဲ့ပေမယ့် သီချင်းတွေတော့ လိုက်ဆိုဖြစ်တယ်။ ကျွန်တော် သီချင်းဆိုချိန်မှာလည်း နယ်မြို့အရပ်ရပ်က အားပေးကြတယ်။ ကျွန်တော် Comeback အနေနဲ့ပြန်လာချိန်မှာ ကျောက်ဆည်ဆင်ရဲ့ ထူးခြားမှုတွေ ချပြချင်တာကြောင့် ရိုက်ဖြစ်တာပါ”လို့ သရုပ်ဆောင် စစ်သွေးကပြောပါတယ်။
အဆိုပါ ဇာတ်ကားကို စီစဉ်သူ ကိုအောင်ထိုက်၊ ဇာတ်လမ်း၊ ဇာတ်ညွန်းနဲ့ ဒါရိုက်တာဇော်ထွန်းက ကျောက်ဆည်မြို့က ထင်ရှားကျော်ကြားလှတဲ့ ဆင်အကနဲ့သမိုင်းအကြောင်းတွေ လာမယ့် စက်တင်ဘာ ၂၀ ရက်မှာ စတင်ပုံဖော်မှာလည်းဖြစ်ပါတယ်။
သရုပ်ဆောင်တွေအနေနဲ့ စစ်သွေး၊ ကျော်ဝင်းထွဋ်၊ မိုးပြည့်ပြည့်မောင်၊ ဟေမာန်အောင်အောင်၊ အကယ်ဒမီ ခင်စိုးပိုင်၊ ဇော်ထွန်း၊ ဇော်ရှိန်း၊ ဆွိ၊ သင်္ချာစိုးအောင်၊ သားပေါက်၊ ကရင်လေး၊ မိုးစက်ကိုကို၊ သန့်ထင်၊ လေပြေ၊ အောင်ငြိမ်းချမ်း၊ ဇေခေတ်၊ နွေဦးသခင်၊ ဂျူးဒါလီထက်၊ နှင်းဇာခြည်ဖြိုး၊ သံသာရွှေရည်နဲ့ သရုပ် ဆောင်များစွာပါဝင်ကြပါတယ်။
