၁၆.၉.၂၀၂၆
Written by Linn Eain
စက်သုံးဆီအရောင်းဆိုင်များတွင် QR Code/ Barcode ဖြင့် Scan ဖတ်ရောင်းချရာ၌ ညွှန်ကြားချက်များနှင့်အညီ ရောင်းချမှုမရှိသည့် အရောင်းဆိုင် (၂၀)အား စက်သုံးဆီဝယ်ယူခွင့်(PO) ပမာဏလျှော့ချခြင်း၊ ဒဏ်ကြေးငွေတပ်ရိုက်ခြင်းနှင့် ပြင်းထန်စွာသတိပေးခြင်းတို့ပြုလုပ်ထားပြီး ထပ်မံပြုလုပ်ပါက အမြဲတမ်းပိတ်သိမ်းကာ ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်သည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် စက်သုံးဆီအရောင်းဆိုင်များတွင် ယာဉ်များ၏ QRCode/Barcode ကို Scan ဖတ်၍ ရောင်းချရသည့်ပမာဏကိုအခြေခံပြီး စက်သုံးဆီဝယ်ယူခွင့်(PO)များ ခွဲဝေပေးခြင်း၊ ထပ်မံလိုအပ်လာပါကလည်း စိစစ်ခွင့်ပြုပေးခြင်းနှင့် ယင်းသို့ရောင်းချနေမှုအခြေအနေများကိုလည်း Online Monitoring Center မှ စောင့်ကြည့်စစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သို့ရာတွင် အချို့သောအရောင်းဆိုင်များသည် မူရင်း QR Scan ဖတ်ခြင်းမပြုလုပ်ဘဲ ယာဉ်နံပါတ်များအား ရိုက်ထည့်၍ စက်သုံးဆီဝယ်ယူခွင့်(PO) ပိုမိုရရှိစေရေးဆောင်ရွက်နေကြောင်း Control Centre မှ စစ်ဆေးတွေ့ရှိရသဖြင့် ပြစ်မှုကျူးလွန်သည့် အရောင်းဆိုင်(၂၀)အား စက်သုံးဆီ ဝယ်ယူခွင့်(PO) ပမာဏလျှော့ချခြင်း၊ ဒဏ်ကြေးငွေတပ်ရိုက်ခြင်း၊ ပြင်းထန်စွာသတိပေးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
QR Code/ Barcode ဖြင့် Scan ဖတ်ရောင်းချမှုများကို မှန်ကန်မှုရှိစေရေးအတွက် စက်သုံးဆီအရောင်းဆိုင်များသို့ အမှန်တကယ်လာရောက် ဝယ်ယူသည့်ယာဉ်များကိုသာ Scan ဖတ်ရောင်းချရန်နှင့် မသမာသောနည်းလမ်းဖြင့် QR Code/ Barcode ရောင်းအားမြင့်တက်စေရန် ဆောင်ရွက်နေကြောင်း စိစစ်တွေ့ရှိရပါက ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းကိုလည်း သက်ဆိုင်ရာအရောင်းဆိုင်၊ လုပ်ငန်းရှင်နှင့် ကုမ္ပဏီများသို ကြိုတင်အသိပေး အကြောင်းကြားထားရှိပြီးဖြစ်ကြောင်း သိရသည်။
စက်သုံးဆီဖြန့်ဖြူးရောင်းချမှု စနစ်တကျဖြစ်စေရေးအတွက် နည်းပညာဖြင့်ထိန်းချုပ်နေခြင်းဖြစ်ရာ ဌာနအနေဖြင့် Control Centre မှ စောင့်ကြည့်စစ်ဆေးနေသကဲ့သို နည်းပညာအဆင့်မြှင့်တင်ခြင်းကိုလည်း စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ အလားတူဖြစ်စဉ်မျိုးထပ်မံတွေ့ရှိလာပါက စက်သုံးဆီအရောင်းဆိုင်အား အမြဲတမ်းပိတ်သိမ်းပြီး ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ အရောင်းဆိုင်များအား စိစစ်ကြပ်မတ်ဆောင်ရွက်ကြရန် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက သတိပေးထားသည်။
