သတိုး
၁၆. ၉. ၂၀၂၆
မြန်မာနိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်အား မလေးရှားနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးစဥ်လာရောက်ရန် ဖိတ်ကြားမည်ဟု မလေးရှားဝန်ကြီးချုပ်အန်ဝါ အီဘရာဟင်က ယနေ့ ထုတ်ဖော် ပြောကြားလိုက်သည်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ဖိတ်ကြားရသည့် အဓိကရည်ရွယ်ချက်မှာ မလေးရှား – မြန်မာ နှစ်နိုင်ငံအကြား မိတ်ဆွေဖွဲ့ရန်၊ ကုန်သွယ်မှုပြုလုပ်ရန်နှင့် ဒုက္ခသည်များ ပြန်လည်ပို့ဆောင်ရေးလုပ်ငန်းစဉ် မြန်ဆန်လာစေရန်အတွက် ဖြစ်သည်ဟု ဝန်ကြီးချုပ် အန်ဝါက ဆိုသည်။
ပြီးခဲ့သည့် ဇူလိုင်လတွင် ဘင်္ဂါလီ ၅၀၀၀ အား မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရန် မြန်မာနိုင်ငံက သဘောတူညီခဲ့သည်ဟု အန်ဝါက ပြောကြားခဲ့သလို မြန်မာနိုင်ငံသားအဖြစ် စိစစ်ပြီးသူ ၁၄၇၆ ဦးကို ယခု စက်တင်ဘာ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် တပ်မတော်ရေယာဥ်များဖြင့် သွားရောက်ခေါ်ဆောင်မည်ဟုလည်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာခဲ့သည်။
“လွန်ခဲ့တဲ့ နှစ်ပတ်က ကျွန်တော် ပြည်ထဲရေးဝန်ကြီးဌာနနဲ့ အစိုးရအဖွဲ့ ဝန်ကြီးတွေကို မြန်မာသမ္မတကို မလေးရှားဆီ တရားဝင်ချစ်ကြည်ရေးခရီးစဉ် လာဖို့ ဖိတ်မယ်လို့ ကျွန်တော် ပြောခဲ့တယ်” ဟု ဝန်ကြီးချုပ်က ယနေ့ ပြောကြားခဲ့သလို “ကျွန်တော် ဘာလို့ ဦးမင်းအောင်လှိုင်ကို ဖိတ်တာလဲ။ ကျွန်တော်တို့ သူနဲ့ မိတ်ဆွေဖွဲ့နိုင်တယ်၊ ကုန်သွယ်မှု လုပ်နိုင်တယ်လို့ ပြောချင်လို့ ဖိတ်တာပါ။ ကျွန်တော်တို့ မြန်မာနိုင်ငံကို လက်ခံနိုင်တယ်၊ ဒါပေမဲ့ သူတို့ဘက်ကလည်း (သူတို့ရဲ့ ဒုက္ခသည်တွေကို) ပြန်လက်ခံရမယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
မလေးရှား – မြန်မာ နှစ်နိုင်ငံအကြား မိတ်ဆွေဖွဲ့ရန်၊ ကုန်သွယ်မှုပြုလုပ်ရန်နှင့် ဒုက္ခသည်များ ပြန်လည်ပို့ဆောင်ရေးလုပ်ငန်းစဉ် မြန်ဆန်လာစေရန်အတွက် နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်အား မလေးရှားနိုင်ငံဘက်က တရားဝင်ဖိတ်ကြားထားသည်ဟု မလေးရှားဝန်ကြီးချုပ်၏ ပြောဆိုမှုအရ သိရှိရသော်လည်း မြန်မာအစိုးရအဖွဲ့ကမူ အတည်ပြု ထုတ်ပြန်လာခြင်း မရှိသေးချေ။
Ref: CNA
