၁၅. ၉. ၂၀၂၆
Written By Min Thet
အသက် ၂၀ ကျော် အမျိုးသမီးငယ်တစ်ဦးသေဆုံးမှု သံသယဖြစ်ဖွယ် လည်ပင်းဒဏ်ရာကြောင့် အလောင်း ရေဝေးရောက်ပြီးမှ ဆေးရုံသို့ပြန်သယ်စစ်ဆေးမှုများပြုလုပ်ခဲ့ရကြောင်း သေဆုံးသူ အမျိုးသမီးငယ်၏ မိသားစုဝင်များက MT News ကို သီးသန့်ပြောဆိုသည်။
သေဆုံးသူ အမျိုးသမီးငယ်မှာ အသက် ၂၃ နှစ်အရွယ် မဘီဇော်လီ ဆိုသူဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်တွင် နေထိုင်သူ ဖြစ်ကြောင်း သိရသည်။
၎င်းသည် အိမ်ထောင်သည်ဖြစ်ပြီး လွန်ခဲ့သည့် စက်တင်ဘာလ ၉ ရက်က နေအိမ်၌ သေဆုံးခဲ့ကြောင်း ကြားသိရသောကြောင့် သေဆုံးသူ၏ အစ်မဝမ်းကွဲတော်စပ်သူက သွားရောက်ကြည့်ရှုရာ လက်ယာဘက် လည်ပင်းတွင် ဒဏ်ရာတစ်ခုကို တွေ့ရှိခဲ့၍ ယင်းအလောင်းကို မသင်္ဂြိုဟ်ရန် တားမြစ်ခဲ့ခြင်းဖြစ်ကြောင်း၊ ရုပ်အလောင်းကို နေအိမ်မှ သေဆုံးသူ၏ ခင်ပွန်းဘက်က ဆွေမျိုးများဖြင့် ရေဝေးသုဿာန်သို့ပို့ဆောင်၍ အအေးခန်း၌ ထားရှိခဲ့ကြောင်း သိရသည်။
ထို့နောက် သေဆုံးသူ၏ အစ်မဝမ်းကွဲက ရဲစခန်းသို့ အကြောင်းကြား အသိပေးခဲ့သောကြောင့် ရုပ်အလောင်းကို ရေဝေးအအေးခန်းက စံပြဆေးရုံသို့ ပြန်လည်သယ်ဆောင်ကာ ရင်ခွဲစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်းလည်း သေဆုံးသူ၏ အစ်မဖြစ်သူက MT News ကို ပြောသည်။
“ကောင်မလေးက သူ့ယောင်္ကျားနဲ့ အလုပ်တူတူလုပ်တာ။ ၈ ရက်နေ့ကလည်း အလုပ်ဆင်းတယ်။ ၉ ရက်နေ့မှာ ကျွန်မဆီကို ဖုန်းဝင်လာတာက ဘီဇော်လီ သေပြီဆိုပြီးတော့။ မင်္ဂလာဆောင်တာတောင် မကြာသေးဘူး။ လွန်ခဲ့တဲ့ ၆ လလောက်က ထင်တယ်။ သူက မင်္ဂလာဆောင်တာပေါ့။ အခု သေတယ်ဆိုတော့ သူ့အမေက နယ်မှာ။ ကျွန်မက သူ့အစ်မ ဝမ်းကွဲတော်တာပေါ့။ ဒါကြောင့်သွားကြည့်တာ။ လည်ပင်းဒဏ်ရာတွေ့တယ်။ အဝတ်ကို ကျွန်မက ဖယ်လိုက်တော့မှ တွေ့တာ။ သူတို့က ဦးနှောက်ကိုပိုးဝင်လို့ သေတယ်လို့ ပြောတယ်။ ဒါပေမဲ့ ကျွန်မက သံသယဖြစ်လို့ မသင်္ဂြိုဟ်ဖို့ ပြောတယ်။ သူတို့က မီးသင်္ဂြိုဟ်ဖို့ ဆိုပြီး ကားကလည်းရောက်နေပြီပေါ့။ ကျွန်မက တားလိုက်တယ်။ ရဲစခန်းမှာ အကြောင်းကြားတယ်”ဟု သေဆုံးသူ၏ အစ်မဝမ်းကွဲက MT News ကို ပြောပြသည်။
လက်ရှိတွင် အဆိုပါ လူသေဆုံးမှုကို ဓမ္မာအတိုင်း သေဆုံးခြင်း ဟုတ်မဟုတ် သက်ဆိုင်ရာက စစ်ဆေးမှုများ ပြုလုပ်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူ အဆင့်ဆင့်က ဥပဒေအတိုင်း လုပ်ဆောင်နေကြကြောင်း သိရသည်။
ဖြစ်စဉ် အသေးစိတ်ကို MT News က ထပ်မံဖော်ပြပေးမည် ဖြစ်ပါသည်။
