သက်တံ့
၁၄. ၉. ၂၀၂၆
တရားဝင် ခရီးသွားလာခွင့် သို့မဟုတ် အထောက်အထား စာရွက်စာတမ်းများ ပြသနိုင်ခြင်း မရှိသည့်အတွက် အမျိုးသားတစ်ဦးနှင့် မိန်းကလေးငယ် ၃ ဦး ပါဝင်သော မြန်မာနိုင်ငံသား ၄ ဦးကို အိန္ဒယနိုင်ငံ၊ ဘီဟာပြည်နယ်၊ ကာတီဟာ (Katihar) ရထားဘူတာရုံတွင် ရထားထိန်းသိမ်းရေးရဲတပ်ဖွဲ့ (RPF) က ထိန်းသိမ်းလိုက်ကြောင်း စက်တင်ဘာ ၁၄ ရက်တွင် တာဝန်ရှိသူများက ပြောကြားခဲ့သည်။
Kamakhya-Anand Vihar အမြန်ရထား ကာတီဟာဘူတာသို့ ဆိုက်ရောက်လာပြီးနောက် တနင်္ဂနွေနေ့တွင် ၎င်းတို့ ၄ ဦးအား ထိန်းသိမ်းခဲ့ခြင်း ဖြစ်သည်။
RPF ရဲစစ်ဆေးရေးမှူး Vikram Kumar၏ အဆိုအရ RPF အဖွဲ့သည် အဆိုပါ ခရီးသည် ၄ ဦးကို စစ်ဆေးမေးမြန်းခဲ့ရာ တရားဝင် ပတ်စ်ပို့၊ နိုင်ငံသားဖြစ်မှု ထောက်ခံစာ သို့မဟုတ် အခြား တရားဝင် အထောက်အထား စာရွက်စာတမ်းများ ပြသနိုင်ခြင်း မရှိသဖြင့် ထိန်းသိမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“စစ်ဆေးမေးမြန်းချိန်မှာ သူတို့ဟာ မြန်မာနိုင်ငံသားတွေ ဖြစ်ကြောင်း တွေ့ရှိခဲ့ရပါတယ်” ဟု Kumar က ပြောသည်။
ထို့နောက် RPF သည် အဆိုပါ ၄ ဦးအား အစိုးရရထားရဲတပ်ဖွဲ့ (GRP) ထံ လွှဲပြောင်းပေးခဲ့ပြီး ဆက်လက် အရေးယူဆောင်ရွက်နိုင်ရန်အတွက် အရေးယူပေးပါရန် စာဖြင့် တိုင်ကြားခဲ့သည်။
GRP အနေဖြင့် ၂၀၂၅ ခုနှစ် လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံခြားသားများဆိုင်ရာ ဥပဒေ ပုဒ်မ ၂၁ နှင့် ၁၉၂၀ ပြည့်နှစ် ပတ်စ်ပို့ဥပဒေ ပုဒ်မ ၃ တို့ဖြင့် အရေးယူဆောင်ရွက်ထားကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ထို့အပြင် အာဏာပိုင်များသည် အဆိုပါ မိန်းကလေးငယ် ၃ ဦးကို ကလေးသူငယ် စောင့်ရှောက်ရေးကော်မတီ (CWC) နှင့် လူငယ်တရားစီရင်ရေးဘုတ်အဖွဲ့ (JJB) သို့ တင်ပြနိုင်ရေး လုပ်ငန်းစဉ်များကို စတင်ဆောင်ရွက်နေပြီ ဖြစ်သည်။
အဆိုပါ မြန်မာနိုင်ငံသား ၄ ဦး ကာတီဟာသို့ မည်သို့ ရောက်ရှိလာကြောင်း၊ မည်သည့်နေရာသို့ သွားရောက်ရန် ရည်ရွယ်ကြောင်းနှင့် ၎င်းတို့အား ထိုဧရိယာသို့ ခေါ်ဆောင်လာခြင်း သို့မဟုတ် အခြားနေရာသို့ ခေါ်ဆောင်ရန် အခြားသူများ ပါဝင်ပတ်သက်မှု ရှိမရှိတို့ကို RPF နှင့် GRP တို့က စုံစမ်းစစ်ဆေးလျက်ရှိကြောင်း Kumar က ပြောသည်။
လက်ရှိတွင် ဖမ်းမိထားသည့် မြန်မာနိုင်ငံသားများနှင့် စပ်လျဉ်းပြီး စုံစမ်းစစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
Ref : India Today
