သက်တံ့
၁၄. ၉. ၂၀၂၆
ဂျပန်နိုင်ငံ၊ တိုကျိုမြို့အခြေစိုက် ရာမင်ခေါက်ဆွဲဆိုင် လုပ်ငန်းရှင်တစ်ဦးသည် မြန်မာအမျိုးသမီး အလုပ်သမားတစ်ဦး၏ ပထမဆုံးလစာတစ်လစာလုံးကို မတရားသဖြင့် ဖြတ်တောက်ယူခဲ့မှုအတွက် ၎င်းအမျိုးသမီးအား ဂျပန်ယန်း ၁ သန်းနီးပါး (ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၆,၅၇၀) ပေးလျော်ရန် တိုကျိုခရိုင်တရားရုံးက စက်တင်ဘာ ၁၁ ရက်တွင် အမိန့်ချမှတ်လိုက်သည်။
အသက် ၃၀ အရွယ် အဆိုပါ မြန်မာအမျိုးသမီးသည် “ကျွမ်းကျင်လုပ်သား” (Specified Skilled Worker) နေထိုင်ခွင့်ဗီဇာဖြင့် Mitsuyado Seimen ရာမင်ဆိုင်တွင် လာရောက်လုပ်ကိုင်ခဲ့သူ ဖြစ်သည်။ သူမသည် မရရှိသေးသည့် လုပ်ခလစာနှင့် အခြားလျော်ကြေးများအတွက် စုစုပေါင်း ယန်း ၁ ဒသမ ၇ သန်းခန့် (အမေရိကန်ဒေါ်လာ ၁၁,၁၇၀ ခန့်) ကို လုပ်ငန်းရှင်ကုမ္ပဏီထံမှ ရရှိလိုမှုဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
ကုမ္ပဏီအဆောင်အတွက် စာချုပ်ချုပ်ဆိုခ (Key money) နှင့် စိုက်ထုတ်ငွေများအပါအဝင် ကနဦးကုန်ကျစရိတ်များကို အလုပ်သမား၏ လစာထဲမှ တစ်ဖက်သတ် ဖြတ်တောက်ခဲ့ခြင်းသည် အလုပ်သမားစံချိန်စံညွှန်း ဥပဒေကို ချိုးဖောက်ခြင်းဖြစ်ကြောင်း တရားရုံးက တွေ့ရှိခဲ့သည်။
အဆိုပါအမျိုးသမီးသည် လုပ်သက် ပထမသုံးလအတွင်း စုစုပေါင်း ယန်း ၄၀,၀၀၀ ခန့် (အမေရိကန်ဒေါ်လာ ၂၆၃ ခန့်) သာ ရရှိခဲ့ပြီး ကုမ္ပဏီအဆောင်မှလည်း ဖယ်ရှားပေးရန် ဖိအားပေးခြင်း ခံခဲ့ရသည်။ သဘာပတိတရားသူကြီး Hidehito Hosokawa က ကုမ္ပဏီ၏ လုပ်ရပ်သည် အမျိုးသမီးအား “အစွန်းရောက်သော အခြေအနေတစ်ခုသို့ တွန်းပို့ခဲ့ခြင်းဖြစ်သည်” ဟု ဝေဖန်ခဲ့သည်။
တရားရုံး၏ ဆုံးဖြတ်ချက်အရ အဆိုပါအမျိုးသမီးသည် ၂၀၂၅ ခုနှစ် ဇန်နဝါရီလကုန်တွင် တိုကျိုရှိ Mitsuyado Seimen ရာမင်ဆိုင်၌ အလုပ်လုပ်ကိုင်ရန် ဂျပန်နိုင်ငံသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ သူမ၏ စာချုပ်အရ အခြေခံလစာနှင့် အခြားခံစားခွင့် စုစုပေါင်း ယန်း ၂၅၀,၀၀၀ ခန့် (အမေရိကန်ဒေါ်လာ ၁,၆၄၀ ခန့်) မှ အာမခံကြေးနှင့် အဆောင်ခများ ဖြတ်တောက်ပြီးနောက် လက်ဝယ် ယန်း ၁၈၀,၀၀၀ ခန့် (အမေရိကန်ဒေါ်လာ ၁,၁၈၀ ခန့်) ရရှိရမည်ဖြစ်သည်။
သို့သော် ကုမ္ပဏီသည် အဆောင်အတွက် ကနဦးစရိတ်များ၊ စာချုပ်ချုပ်ဆိုခနှင့် လျှပ်စစ်ပစ္စည်းများ ဝယ်ယူသည့် စရိတ်များကို သူမ၏ လစာထဲမှ ဖြတ်တောက်ခဲ့သည်။ ထို့ကြောင့် သူမ၏ ပထမဆုံးလစာဖြစ်သော မတ်လလစာမှာ လုံး၀မရရှိခဲ့ပေ။ ဧပြီလတွင် ယန်း ၄၀,၀၀၀ ခန့်နှင့် မေလတွင် ယန်း ၁၂၀,၀၀၀ ခန့် (အမေရိကန်ဒေါ်လာ ၇၉၀ ခန့်) ရရှိခဲ့ပြီးနောက် ဇွန်လတွင် ကုမ္ပဏီမှ နုတ်ထွက်ခဲ့သည်။
တရားရုံးက မရရှိသေးသည့် လစာနှင့် အခြားစရိတ်များအတွက် ယန်း ၅၆၀,၀၀၀ ခန့် (အမေရိကန်ဒေါ်လာ ၃,၆၈၀ ခန့်) နှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာမှုအတွက် ယန်း ၄၀၀,၀၀၀ ခန့် (အမေရိကန်ဒေါ်လာ ၂,၆၃၀ ခန့်) ကို ပေးလျော်ရန် ကုမ္ပဏီအား အမိန့်ပေးခဲ့သည်။
“ကျွမ်းကျင်လုပ်သား” စနစ်သည် အလုပ်လုပ်ကိုင်နိုင်သည့် ကဏ္ဍများကို ဥပဒေအရ အကန့်အသတ်သတ်မှတ်ထားသဖြင့် ကုမ္ပဏီပြောင်းလဲရန် ခက်ခဲကြောင်း၊ သို့သော် လုပ်ငန်းရှင်သည် ထိုအချက်ကို သိရှိပါလျက် အဆောင်မှ ချက်ချင်းဖယ်ရှားရန်နှင့် အလုပ်မှ ထုတ်ပယ်ရန် ကြိုးပမ်းခဲ့ကြောင်း တရားရုံးက ထောက်ပြခဲ့သည်။
ကုမ္ပဏီသည် “၎င်း၏ အထက်စီးကျသော အနေအထားကို အသုံးပြု၍ အမျိုးသမီး၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ အခွင့်အရေးများကို ချိုးဖောက်ခဲ့သည်” ဟု တရားရုံးက ဆုံးဖြတ်ခဲ့သည်။
တရားရင်ဆိုင်စဉ်အတွင်း ကုမ္ပဏီက ဖြတ်တောက်မှုများ၏ တရားမဝင်မှုကို ဝန်ခံခဲ့သော်လည်း ကနဦးစရိတ်များနှင့် အခြားကုန်ကျစရိတ်များအတွက် ယန်း ၅၀၀,၀၀၀ ခန့်ကို အဆိုပါအမျိုးသမီးထံမှ ပြန်လည်တောင်းခံခဲ့သည်။ သို့သော် အမျိုးသမီးအနေဖြင့် ဂျပန်သို့ မလာရောက်မီကတည်းက လေယာဉ်လက်မှတ်ခကို ကိုယ်တိုင်ကျခံရမည်ဟု ကုမ္ပဏီက ရှင်းပြထားခဲ့သောကြောင့် ယန်း ၆၀,၀၀၀ ခန့် (အမေရိကန်ဒေါ်လာ ၃၉၀ ခန့်) ကိုသာ အမျိုးသမီးဘက်က ပြန်လည်ပေးလျော်ရန် တရားရုံးက ဆုံးဖြတ်ခဲ့သည်။ အဆောင်အတွက် ကနဦးစရိတ်များကိုမူ အမျိုးသမီးက ပေးရန်မလိုဟု ဆုံးဖြတ်ခဲ့သည်။
အဆိုပါအမျိုးသမီးသည် ကူညီထောက်ပံ့သူများ၏ အကူအညီဖြင့် နေထိုင်ခဲ့ရခြင်းဖြစ်သည်။ သူမ၏ ရှေ့နေက “ကျွမ်းကျင်လုပ်သားအဖြစ် ဂျပန်ကို ရောက်လာတဲ့ အမျိုးသမီးတစ်ယောက်၏ အထူးအခြေအနေကို ထည့်သွင်းစဉ်းစားပေးတဲ့ ဒီတရားရုံးဆုံးဖြတ်ချက်ကို ကျွန်တော်တို့ အလွန်တန်ဖိုးထားပါတယ်” ဟု မှတ်ချက်ပြုခဲ့သည်။
ကုမ္ပဏီဘက်ကမူ “တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို လေးလေးနက်နက် ခံယူပြီး အလုပ်သမား စီမံခန့်ခွဲမှုစနစ်ကို ပြန်လည်သုံးသပ်ကာ ဥပဒေနဲ့ စည်းမျဉ်းတွေကို အပြည့်အဝ လိုက်နာသွားပါမယ်” ဟု ပြောကြားခဲ့သည်။
Ref: Mainichi Japan
