သက်တံ့
၁၄. ၉. ၂၀၂၆
မလေးရှားနိုင်ငံ မြို့တော်ကွာလာလမ်ပူ၏ Lebuh Pudu ဧရိယာတွင် ယမန်နေ့ (စက်တင်ဘာ ၁၃ ရက်) က ပြုလုပ်ခဲ့သော Op Bersepadu Mega စစ်ဆင်ရေးအတွင်း လူပေါင်း ၂,၅၀၀ ခန့်ကို စိစစ်ခဲ့ပြီး လူဝင်မှုကြီးကြပ်ရေး ဥပဒေ ချိုးဖောက်မှုများဖြင့် နိုင်ငံခြားသား ၄၇၂ ဦးကို ထိန်းသိမ်းခဲ့သည်။
ထို့ပြင် မှတ်ပုံတင်ထားခြင်းမရှိသော ဆေးဝါးများ ရောင်းချသည့် စီးပွားရေးလုပ်ငန်း ၄ ခုကို ဖော်ထုတ်နိုင်ခဲ့ပြီး ယင်းအနက် ၂ ခုမှာ တရားမဝင် ဆေးခန်းများအဖြစ် ဟန်ပြ ဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း သံသယရှိထားသည်။
Op Bersepadu Mega ဟု အမည်ပေးထားသော အဆိုပါစစ်ဆင်ရေးကို နံနက် ၁၁ နာရီခန့်တွင် စတင်ခဲ့ပြီး အဆိုပါဧရိယာအတွင်းရှိ နိုင်ငံခြားသား ၂,၅၀၀ ခန့်ကို စိစစ်ရှာဖွေခဲ့ခြင်းဖြစ်သည်။ ထိန်းသိမ်းခံရသူများတွင် အသက် ၁၈ နှစ်မှ ၆၂ နှစ်ကြား အမျိုးသား ၄၃၉ ဦးနှင့် အမျိုးသမီး ၃၃ ဦး ပါဝင်ကြောင်း ကွာလာလမ်ပူ လူဝင်မှုကြီးကြပ်ရေးညွှန်ကြားရေးမှူး Datuk Hamsha Injau က ပြောကြားသည်။
၎င်းတို့သည် ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ ဖိလစ်ပိုင်၊ နီပေါ၊ အင်ဒိုနီးရှား၊ ပါကစ္စတန်၊ အိန္ဒိယ၊ တရုတ်၊ ဇင်ဘာဘွေနှင့် ဆော်ဒီအာရေးဘီးယား နိုင်ငံသားများ ဖြစ်ကြသည်။ ထိန်းသိမ်းခံရသူ ၄၇၂ ဦးစလုံးကို စုံစမ်းစစ်ဆေးမှုများနှင့် ဆက်လက် အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရန် Bukit Jalil လူဝင်မှုကြီးကြပ်ရေးစခန်းသို့ ပို့ဆောင်မည်ဖြစ်သည်။
အဆိုပါ ပြစ်မှုများတွင် တရားဝင် အထောက်အထားစာရွက်စာတမ်း မရှိခြင်း၊ ဗီဇာသက်တမ်းလွန် နေထိုင်ခြင်းနှင့် အသိအမှတ်မပြုသော စာရွက်စာတမ်းများ သုံးစွဲခြင်းတို့ အပါအဝင် လူဝင်မှုကြီးကြပ်ရေး ဥပဒေအရ အခြားသော ချိုးဖောက်မှုများ ပါဝင်ကြောင်း Hamsha က ပြောသည်။
စစ်ဆင်ရေး ပြုလုပ်နေစဉ်အတွင်း အချို့သော နိုင်ငံခြားသားများသည် ထွက်ပြေးရန် ကြိုးပမ်းခြင်း၊ ဆိုင်ခန်းများအတွင်း တံခါးပိတ်အောင်းနေခြင်းနှင့် စစ်ဆေးရေးအရာရှိများနှင့် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခြင်းများ ရှိခဲ့ကြောင်း New Straits Times သတင်းတွင် ဖော်ပြထားသည်။
အရာရှိများသည် စိစစ်ရှာဖွေမှုများ မပြုလုပ်မီ သော့ခတ်ထားသော စီးပွားရေးဆိုင်ရာ ဆိုင်ခန်းအချို့နှင့် အလုပ်သမား အိပ်ဆောင်များကို အတင်းအဓမ္မ ရိုက်ဖွင့်ခဲ့ရသည်။ အဆိုပါဧရိယာတွင် နိုင်ငံခြားသား အမြောက်အမြား ရောက်ရှိနေခြင်းနှင့် တရားမဝင် ရောင်းဝယ်ဖောက်ကားနေသည်ဟု သံသယရှိရသော ဆိုင်ခန်းများနှင့် ပတ်သက်၍ ကွာလာလမ်ပူမြို့တော်စည်ပင်ပိုင်အဖွဲ့ (DBKL) အပါအဝင် အများပြည်သူထံမှ တိုင်ကြားချက်များ ထပ်မံရရှိခဲ့ပြီးနောက် ယခုကဲ့သို့ ပစ်မှတ်ထား စိစစ်ခဲ့ခြင်းဖြစ်ကြောင်း Hamsha က ပြောသည်။
တရားမဝင် လည်ပတ်နေသည်ဟု သံသယရှိရသော စီးပွားရေးဆိုင်ရာ ဆိုင်ခန်းများကို DBKL က သီးခြားစုံစမ်းစစ်ဆေးမည်ဖြစ်ပြီး လူဝင်မှုကြီးကြပ်ရေးဌာန၏ အဓိကအာရုံစိုက်မှုမှာ ခွင့်ပြုချက်မရှိဘဲ အလုပ်လုပ်ကိုင်မှု၊ သက်တမ်းလွန်နေထိုင်မှုနှင့် အထောက်အထားမဲ့ အလုပ်သမားများအပေါ် ဖြစ်သည်ဟု ၎င်းက ဆိုသည်။
စိစစ်ခဲ့သည့် လူ ၂,၅၀၀ အနက် အများစုမှာ တရားဝင် ခရီးသွားလာခွင့် စာရွက်စာတမ်း သို့မဟုတ် အလုပ်လုပ်ခွင့်ပါမစ်များ ကိုင်ဆောင်ထားသဖြင့် ပြန်လည်လွှတ်ပေးခဲ့ကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားသည်။
Lebuh Pudu ဧရိယာကို “Mini Dhaka” ဟု ခေါ်ဆိုနေကြဆဲ ဖြစ်ပါသလားဟု မေးမြန်းရာတွင် Hamsha က ငြင်းဆန်ခြင်းမရှိဘဲ အဆိုပါဧရိယာသည် စာသင်ပိတ်ရက်/ရက်သတ္တပတ်ပိတ်ရက်များတွင် အခြားပြည်နယ်များမှ နိုင်ငံခြားသားများ စေတနာအလျောက် လာရောက်ဈေးဝယ်ခြင်းနှင့် အလုပ်လုပ်ကြသည့်နေရာ ဖြစ်ကြောင်း ပြောသည်။
ယခုစစ်ဆင်ရေးတွင် တပ်ဖွဲ့ဝင် ၃၃၇ ဦး ပါဝင်ခဲ့ရာ လူဝင်မှုကြီးကြပ်ရေးအရာရှိ ၂၁၈ ဦးနှင့် DBKL၊ မီးသတ်နှင့် ကယ်ဆယ်ရေးဌာန၊ မလေးရှား ကုမ္ပဏီများကော်မရှင်၊ ပြည်တွင်းကုန်သွယ်ရေးဝန်ကြီးဌာန၊ အမျိုးသားမှတ်ပုံတင်ဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာန အပါအဝင် အခြားအေဂျင်စီများမှ ၁၁၉ ဦး ပါဝင်သည်။
သီးခြားဖော်ထုတ်ချက်အရ ကျန်းမာရေးဝန်ကြီးဌာနသည် ဝင်ရောက်စီးနင်းစဉ်အတွင်း မှတ်ပုံတင်ထားခြင်းမရှိသော ဆေးဝါးများ ရောင်းချခြင်းနှင့် သိုလှောင်ထားခြင်းများ ပြုလုပ်နေသည့် ဆိုင်ခန်း ၄ ခုကို တွေ့ရှိခဲ့ပြီး ယင်းအနက် ၂ ခုမှာ တရားမဝင် ဆေးခန်းများဖြစ်ကြောင်း ယူဆရသည်။
အဆိုပါ ဆိုင်ခန်းများသည် အထည်ဆိုင်များနှင့် ခရီးသွားအေဂျင်စီများအဖြစ် ဟန်ပြပြုလုပ်၍ လည်ပတ်နေခြင်းဖြစ်ကြောင်း ကွာလာလမ်ပူနှင့် ပူထရာဂျာယာ ကျန်းမာရေးဌာန၏ ဆေးဝါး အရေးယူဆောင်ရွက်ရေးဌာနခွဲ အကြီးအကဲ Shafilliza Samsuri က ပြောသည်။
လူနာများကို နောက်ဘက်အခန်းသို့ ခေါ်ဆောင်သွားပြီး သွေးဖိအားနှင့် သွေးတွင်းသကြားဓာတ် စစ်ဆေးမှုများ ပြုလုပ်ပေးကာ ဝန်ကြီးဌာန၏ အတည်ပြုချက်မရှိသော ဆေးဝါးများကို ပေးဝေနေခြင်းဖြစ်ကြောင်း သူမက ဆိုသည်။
အများပြည်သူအနေဖြင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ချိုးဖောက်မှုများကို သက်ဆိုင်ရာဌာန၏ တရားဝင် သတင်းပို့နိုင်သော လမ်းကြောင်းများမှတစ်ဆင့် ဆက်လက်တိုင်ကြားနိုင်ကြောင်း Hamsha က ပြောသည်။
Ref : TRP
