၁၄.၉.၂၀၂၆
Translated by Htwe Ko Tun
တောင်အာဖရိကနိုင်ငံ၊ ကလိုင်း ကာရူး (Klein Karoo) ဒေသရှိ N1 လမ်းမကြီးပေါ်တွင် ယာဉ်သုံးစီး ပါဝင်ပတ်သက်သည့် ယာဉ်တိုက်မှုတစ်ခု စက်တင်ဘာလ ၁၃ ရက်ညက ဖြစ်ပွားရာ လူ ၂၁ ဦး သေဆုံးခဲ့ရကြောင်း Western Cape ပြည်နယ် ယာဉ်သွားလာရေးဆိုင်ရာ တာဝန်ရှိသူများက ပြောကြားသည်။
Prince Albert နှင့် Leeu-Gamka မြို့များအကြားတွင် စက်တင်ဘာလ ၁၃ ရက်ည ၁၁ နာရီခွဲ (GMT ၂၁း၃၀ နာရီ) ကဖြစ်ပွားခဲ့သော အဆိုပါယာဉ်တိုက်မှုကြောင့် အခြားလူသုံးဦးမှာလည်း ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
Western Cape ပြည်နယ် သွားလာရေးဌာန ပြောရေးဆိုခွင့်ရှိသူ မူနီရာ အယ်လီး၏ ပြောကြားချက်အရ ယာဉ်တိုက်မှုတွင် မီနီဘတ်စ် တက္ကစီနှစ်စီးနှင့် ကားတစ်စီးတို့ ပါဝင်ခဲ့ကြောင်း သိရသည်။
လက်ရှိတွင် N1 လမ်းမကြီးကို လမ်းကြောင်းနှစ်ဖက်စလုံး၌ ပိတ်ထားကြောင်း သူမက ပြောကြားသည်။
“အရေးပေါ်အဖွဲ့များနှင့် ယာဉ်သွားလာရေးဆိုင်ရာ အဖွဲ့များသည် ဖြစ်စဉ်နေရာတွင် ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။ N1 လမ်းမကြီးကို လမ်းကြောင်းနှစ်ဖက်စလုံးတွင် ပိတ်ထားပါသည်။ ရရှိနိုင်သော တစ်ခုတည်းသော အခြားလမ်းကြောင်းမှာ Prince Albert Road Station မှတစ်ဆင့် R407 လမ်းအတိုင်း N12 လမ်းမကြီးဆီသို့ သွားရောက်ပြီး ထိုမှတစ်ဆင့် Beaufort West မြို့ဆီသို့ N12 လမ်းအတိုင်း ဆက်လက်မောင်းနှင်သွားရမည့် လမ်းကြောင်း (ခန့်မှန်းခြေ ကီလိုမီတာ ၂၀၀ ခန့်) ဖြစ်ပါသည်” ဟု သူမက ဆိုသည်။
“ယာဉ်မောင်းများအနေဖြင့် ဖြစ်နိုင်ပါက အဆိုပါနေရာကို ရှောင်ရှားကြရန်၊ အထူးသတိထား မောင်းနှင်ကြရန်၊ ခရီးသွားလာချိန် ကြန့်ကြာမှုများ ရှိနိုင်သည်ကို ကြိုတင်သိရှိထားကြရန်နှင့် ဖြစ်စဉ်နေရာရှိ ယာဉ်သွားလာရေးဆိုင်ရာ တာဝန်ရှိသူများ၊ အရေးပေါ်ဝန်ထမ်းများ၏ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ကြရန် တိုက်တွန်းလိုပါသည်” ဟု အယ်လီးက ထပ်လောင်းပြောကြားခဲ့သည်။
Ref-SABC
