သက်တံ့
၁၄. ၉. ၂၀၂၆
ဂျပန်နိုင်ငံမှ ရေပန်းစားသော အပြာရုပ်ရှင် (AV) မင်းသမီးတစ်ဦးသည် တိုကျိုမြို့၏ ဖျော်ဖြေရေးဇုန် (Red-light district) အတွင်းရှိ တိုက်ခန်းတစ်ခု၌ စနေနေ့က သေဆုံးလျက် တွေ့ရှိခဲ့ရပြီး မိမိကိုယ်ကိုယ် သေကြောင်းကြံစည်ခဲ့ခြင်းဖြစ်ကြောင်း သတင်းထွက်ပေါ်လာခဲ့သည်။
အသက် ၂၅ နှစ်အရွယ် Hana Kuraki ကို တိုကျိုမြို့တော်ရှိ အဆိုပါတိုက်ခန်းအတွင်း သတင်းပေးပို့သူ သူငယ်ချင်းဖြစ်သူက စတင်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း NY Post သတင်းတွင် ဖော်ပြထားသည်။
အဆိုပါနေအိမ်မှာ ထင်ရှားသော ကလပ်ပိုင်ရှင် Sakito ပိုင်ဆိုင်သည့် တိုက်ခန်းဖြစ်ပြီး Kuraki ၏ ချစ်သူ Shota Taira သို့ ငှားရမ်းထားခြင်းဖြစ်သည်။ အသက် ၂၉ နှစ်အရွယ် Shota Taira မှာ Kuraki အလုပ်လုပ်သည့်ကလပ်တွင် သူမအတွက် ငွေကြေးအများအပြားသုံးစွဲပေးသူ (Top-spending customer) မှ ချစ်သူဖြစ်လာခဲ့သူဖြစ်ပြီး ၎င်းတို့စုံတွဲသည် မတည်ငြိမ်သော ဆက်ဆံရေးမျိုးရှိခဲ့ကြောင်း သိရသည်။
Tokyo Reporter ၏ ဖော်ပြချက်အရ Sakito သည် အခင်းဖြစ်ပွားရာနေရာသို့ သေဆုံးမှုတွေ့ရှိပြီး မကြာမီ ရောက်ရှိလာခဲ့ပြီးနောက် လူမှုကွန်ရက်ပေါ်တွင် Kuraki သေဆုံးမှုနှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို ရေးသားမျှဝေခဲ့သည်။
“Hana Kuraki ကွယ်လွန်သွားကြောင်း သိရလို့ အရမ်းဝမ်းနည်းကြေကွဲရပါတယ်။ မိသားစုနဲ့ ထပ်တူဝမ်းနည်းကြောင်း ဖော်ပြအပ်ပါတယ်” ဟု ၎င်းက ရေးသားခဲ့ပြီး ၎င်းကိုယ်တိုင် အလောင်းကို စတင်တွေ့ရှိခဲ့ခြင်းဖြစ်သည်ဆိုသည့် သတင်းမှားများကိုလည်း ငြင်းဆိုခဲ့သည်။
Kuraki ၏ သူငယ်ချင်းဖြစ်သူက တိုက်ခန်းအတွင်း အလောင်းကို စတင်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ၎င်းထံ ဖုန်းဆက်အကြောင်းကြားခဲ့သဖြင့် တိုကျိုရဲတပ်ဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ရန်နှင့် အခြေအနေများကို ကူညီထိန်းသိမ်းပေးရန် တိုက်ခန်းသို့ သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း Sakito က ပြောသည်။ ထို့ပြင် Kuraki သည် ၎င်းတို့စုံတွဲကြားရှိ ဆက်ဆံရေးပြဿနာများကိုလည်း ၎င်းထံ ရင်ဖွင့်ပြောပြခဲ့ဖူးကြောင်း Sakito က ဆိုသည်။ ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် Kuraki သေဆုံးမှုနှင့် ပတ်သက်၍ အထောက်အထားမဲ့ ကောလာဟလများနှင့် ခန့်မှန်းချက်များ ဖြန့်ဝေနေခြင်းကို ရပ်တန့်ကြရန်လည်း တောင်းဆိုထားသည်။
“သတင်းအချက်အလက်အမှားတွေနဲ့ စိတ္တဇမှန်းဆချက်တွေကြောင့် သေဆုံးသူနဲ့ သူနဲ့နီးစပ်သူတွေအပေါ် ထပ်မံထိခိုက်မှုမရှိစေချင်ပါဘူး။ အခြားသူတွေကို ထိန်းချုပ်ဖို့ သို့မဟုတ် အောက်ဆုံးခြေအထိ ရောက်အောင် တွန်းပို့ဖို့ အကြမ်းဖက်မှု သုံးစွဲတဲ့သူတွေ မရှိတဲ့ ကမ္ဘာကြီးဖြစ်လာဖို့လည်း မျှော်လင့်ပါတယ်” ဟု ၎င်းက ရေးသားခဲ့သည်။
အဆိုပါ သေဆုံးမှုနှင့် ပတ်သက်၍ ဒေသဆိုင်ရာ ရဲတပ်ဖွဲ့နှင့် သူမ၏ အနုပညာအေဂျင်စီတို့က တရားဝင် ထုတ်ပြန်ချက်တစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မရှိသေးပေ။
Kuraki သည် ၂၀၂၄ ခုနှစ်တွင် အပြာရုပ်ရှင်လောကသို့ စတင်ဝင်ရောက်ခဲ့သူဖြစ်ပြီး ယခုနှစ်နှောင်းပိုင်းတွင် ထိုင်ဝမ်၌ ကျင်းပမည့် Adult Industry Expo သို့ တက်ရောက်ရန် လျာထားခြင်းခံရသူဖြစ်သည်။ သူမသည် အမျိုးသမီးအနုပညာရှင်များထဲတွင် ဝင်ငွေမြင့်မားသူတစ်ဦးဖြစ်ပြီး တစ်နှစ်လျှင် သြစတြေးလျဒေါ်လာ ၁ ဒသမ ၈ သန်းခန့်အထိ ရရှိခဲ့သူဖြစ်သည်။
ယခုနှစ် ဇွန်လအတွင်းကလည်း Kuraki က သူမအနေဖြင့် ရုတ်တရက် အနုပညာလှုပ်ရှားမှုများကို ခေတ္တရပ်နားမည်ဟု ပရိသတ်များကို ကြေညာခဲ့ဖူးသည်။ ထိုစဉ်က ယာဉ်မတော်တဆမှုကြောင့် မျက်နှာနှင့် မေးရိုးတို့တွင် ပြင်းထန်သော ဒဏ်ရာများ ရရှိခဲ့၍ ခေတ္တအနားယူခြင်းဖြစ်ကြောင်း သူမက အကြောင်းပြခဲ့သည်။
Ref: NY Post
