၁၄.၉.၂၀၂၆
Written by Linn Eain
လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ ညောင်တုန်းလမ်းတွင် မော်တော်ယာဉ်တစ်စီးပေါ်မှ ဆေးခြောက်များ ဖမ်းဆီးရမိရာမှ ဒဂုံဆိပ်ကမ်းမြို့နယ်၊ နေအိမ်အတွင်း၌ သိန်းသုံးထောင်ကျော်တန်ဖိုးရှိ ဆေးခြောက် ၁၅၁ ကီလို ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နှင်ရေးရဲတပ်ဖွဲ့(CCDAC Myanmar)၏ စက်တင်ဘာ ၁၄ ရက် ထုတ်ပြန်မှုအရ သိရသည်။
လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ ညောင်တုန်းလမ်းတွင် ကျော်မိုးဟန်မောင်းနှင်ပြီး ကျော်ဇင်ထွန်း လိုက်ပါလာသည့် SUZUKI EVERY အမျိုးအစား မော်တော်ယာဉ်အား စက်တင်ဘာ ၈ ရက်၊ နေ့လယ် ၂ နာရီခန့်တွင် ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ ဆေးခြောက် အလေးချိန် ၄ ကီလို (ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၈၀)နှင့် လက်ကိုင်ဖုန်း ၃ လုံးတို့အား တွေ့ရှိသိမ်းဆည်းပြီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါ ဖမ်းဆီးရမိသည့် ကျော်မိုးဟန်(၃၄)နှစ်နှင့် ကျော်ဇင်ထွန်း(၃၇)နှစ်တိုအား စစ်ဆေးဖော်ထုတ်ချက်အရ ယင်းနေ့ နေ့လယ် ၄ နာရီခန့်တွင် ၎င်းတို့နေထိုင်သည့် ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်၊ အမှတ်(၉၄)ရပ်ကွက်ရှိ နေအိမ်အတွင်းမှ ဆေးခြောက် အလေးချိန် ၁၅၁ ကီလို (ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၃၀၂၀)နှင့် ဆေးခြောက်အရည် ၄ လီတာ(ဒေသကာလတန်ဖိုးငွေကျပ် ၃ ဒသမ ၆ သိန်း)တို့အား ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး သက်ဆိုင်ရာရဲစခန်းများတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
ထို့ပြင် စက်တင်ဘာလ ၁၃ ရက်၊ နေ့လယ် ၂ နာရီခန့်ကလည်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၄၃)ရပ်ကွက်နေ မနှင်းအိဖြူ၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် ကက်တမင်း အလေးချိန် ၈၀၀ ဂရမ်(ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၄၀၀)၊ Happy Water အလေးချိန် ၆၀ ဂရမ်(ဒေသကာလတန်ဖိုးငွေကျပ် ၃၆ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် မနှင်းအိမ်ဖြူ(၂၈)နှစ်အား ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း CCDAC MYANMAR ၏ ထုတ်ပြန်မှုအရ သိရသည်။
