၁၄.၉.၂၀၂၆
translated by Htwe Ko Tun
အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းနှင့် ဘော်နီယိုကျွန်းကြား ခုတ်မောင်းနေသော ကူးတို့သင်္ဘောတစ်စင်းသည် မိုးလေဝသအခြေအနေဆိုးရွားမှုကြောင့် စက်တင်ဘာလ ၁၃ ရက်က တိမ်းမှောက်ခဲ့ပြီးနောက် အနည်းဆုံး လူခြောက်ဦး သေဆုံးကာ ၁၂၉ ဦး ပျောက်ဆုံးနေကြောင်း အင်ဒိုနီးရှားနိုင်ငံမှ ကယ်ဆယ်ရေးသမားများက ပြောကြားခဲ့ကြသည်။
ခရီးသည် ၂၁၃ ဦးနှင့် သင်္ဘောဝန်ထမ်း ၃၀ ဦး လိုက်ပါစီးနင်းလာသည့် Virgo Transport 8 သင်္ဘောက အရှေ့ဂျာဗားရှိ ဆူရာဘာယာမြို့မှ ထွက်ခွာလာပြီးနောက် စက်တင်ဘာလ ၁၃ ရက် အစောပိုင်းတွင် သင်္ဘောကုမ္ပဏီနှင့် အဆက်အသွယ်ပြတ်တောက်သွားခဲ့သည်။


အင်ဒိုနီးရှားနိုင်ငံ၏ အမျိုးသားရှာဖွေကယ်ဆယ်ရေးအေဂျင်စီ (Basarnas) က ၎င်းတို့၏ နောက်ဆုံးရသတင်းထုတ်ပြန်ချက်တွင် လူခြောက်ဦးသေဆုံးခဲ့ပြီး အသက်ရှင်ကျန်ရစ်သူ နောက်ထပ်တစ်ဦးကို ထပ်မံတွေ့ရှိခဲ့သဖြင့် ကယ်ဆယ်နိုင်ခဲ့သူ စုစုပေါင်းအရေအတွက်မှာ ၁၀၈ ဦး ရှိလာပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။ လူပေါင်း ၁၂၉ ဦးမှာမူ ဆက်လက်ပျောက်ဆုံးနေဆဲဖြစ်သည်။
ဒေသတွင်းရှာဖွေကယ်ဆယ်ရေးဌာန အကြီးအကဲ အိုင် ပူတူ ဆူဒါရာနာက AFP သတင်းဌာနသို့ ပြောကြားရာတွင် သင်္ဘောကပ္ပတိန်က ဆက်သွယ်မှုမပြတ်တောက်မီကပင် သင်္ဘောမှာ စောင်းနေကြောင် ပိုင်ရှင်များထံ အစီရင်ခံခဲ့သည်ဟု ဆိုသည်။
ကယ်ဆယ်ရေးသမားများသည် ၂ ဒသမ ၅ မီတာအထိ မြင့်မားသော လှိုင်းများကို ကျော်ဖြတ်ကာ အဆိုပါ ကူးတို့သင်္ဘောရှိရာသို့ သွားရောက်ခဲ့ရကြောင်း ဆူဒါရာနာက သတင်းထောက်များအား ပြောကြားခဲ့သည်။
ရှာဖွေရေးလုပ်ငန်းတွင် ရဟတ်ယာဉ်နှစ်စင်း ပါဝင်ဆောင်ရွက်ခဲ့ပြီး နိုင်ငံတော် ကယ်ဆယ်ရေးအေဂျင်စီကလည်း လုပ်ငန်းဆောင်ရွက်ရာနယ်မြေရှိ ရာသီဥတုအခြေအနေနှင့် လှိုင်းထန်မှုပုံစံများကို ထည့်သွင်းစဉ်းစားလျက် ဆက်လက်ဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။
နေ့စဉ်သွားလာရေးနှင့် ခရီးသွားလုပ်ငန်းအတွက် ရေကြောင်းသွားလာမှုကို အဓိကအားထားရပြီး ကျွန်းပေါင်း ၁၇,၀၀၀ ကျော်ဖြင့် ဖွဲ့စည်းထားသော အင်ဒိုနီးရှားနိုင်ငံတွင် ရေကြောင်းမတော်တဆမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။
အင်ဒိုနီးရှားနိုင်ငံတွင် ဘေးကင်းလုံခြုံရေး စံသတ်မှတ်ချက်များ အားနည်းခြင်းနှင့် ခန့်မှန်းရခက်ခဲသော ရာသီဥတုအခြေအနေတို့က ဤကဲ့သို့သော ဘေးအန္တရာယ်များ ဖြစ်ပွားရသည့် အဓိကအကြောင်းရင်းများ ဖြစ်ကြသည်။
သြဂုတ်လက ဘာလီ ကျွန်းအနီးရှိ လွန်ဘော့ ရေလက်ကြားတွင် ကူးတို့သင်္ဘောတစ်စင်း မီးလောင်မှုဖြစ်ပွားခဲ့ရာ လူတစ်ဦး သေဆုံးပြီး ၅ ဦး ပျောက်ဆုံးခဲ့ကာ ၂၁၁ ဦးကို ကယ်ဆယ်နိုင်ခဲ့သည်။
ဇူလိုင်လအတွင်းကလည်း ဆူလာဝါစီကျွန်း၏ တောင်ဘက်ရှိ ဆီလာယာ ကျွန်းငယ်လေးအနီးတွင် လူ ၇၀ ကျော် တင်ဆောင်လာသော ကူးတို့သင်္ဘောတစ်စင်း နစ်မြုပ်ခဲ့သေးသည်။
Ref-AFP
