၁၁.၉.၂၀၂၆
Written by Linn Eain
ဥရောပသမဂ္ဂ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးအဖွဲ့ (ECHO) က ပံ့ပိုးသည့် ထောက်ပံ့ရေးပစ္စည်းများပါဝင်သည့် ကုန်တင်လေယာဥ်တစ်စီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ စက်တင်ဘာ ၁၁ ရက်၊ နံနက်ပိုင်းက ရောက်ရှိလာခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်မှုအရ သိရသည်။
အဆိုပါ ဥရောပသမဂ္ဂ၏ ကုန်တင်လေယာဉ်သည် ဘယ်လ်ဂျီယံနိုင်ငံ၊ Liege မြို့မှ ထွက်ခွာလာခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၌ မုတ်သုန်ရာသီကာလတွင် ဖြစ်ပေါ်လေ့ရှိသည့် သဘာဝဘေးအန္တရာယ်များနှင့် ဆက်စပ်ကူးစက်ရောဂါများအား ကြိုတင်ကာကွယ်နိုင်ရန်နှင့် အရေးပေါ်တုံ့ပြန်မှုလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ဆေးဝါး၊ အာဟာရပစ္စည်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ကိရိယာများ သယ်ဆောင်လာခဲ့ကြောင်း သိရသည်။
ထိုကုန်တင်လေယာဉ်တွင် သယ်ဆောင်လာသည့် ဆေးဝါး၊ အာဟာရပစ္စည်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ကိရိယာပစ္စည်းများအား နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ ရှေ့မှောက်တွင် ဥရောပသမဂ္ဂလူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးအဖွဲ့ (European Civil Protection and Humanitarian Aid Operations-ECHO) ၏ မိတ်ဖက်အဖွဲ့အစည်းများဖြစ်သည့် UNICEF နှင့် UNFPA တို့ထံသို့ ဆက်လက်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ရေးပစ္စည်းများအား UNICEF နှင့် UNFPA တို့မှတစ်ဆင့် သက်ဆိုင်ရာဝန်ကြီးဌာန၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များနှင့် ပေါင်းစပ်ညှိနှိုင်းပြီး လိုအပ်သည့် ပြည်သူများထံသို့ ဖြန့်ဖြူးနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
