၁၉.၈.၂၀၂၆
Written by Linn Eain
တရားမဝင်ကုန်သွယ်မှုများ လျော့နည်းကျဆင်း ပပျောက်စေရေးအတွက် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးလုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ဆောင်ရွက်ကြရန် ဒုတိယသမ္မတ ဦးညိုစောသည် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးတွင် ဩဂုတ် ၁၈ ရက် နံနက်ပိုင်းက ကျင်းပခဲ့သည့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ (၁/၂၀၂၆) ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးတွင် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် နယ်စပ်စစ်ဆေးရေးဂိတ်များ စည်းကမ်းစနစ်တကျစစ်ဆေးဆောင်ရွက်ရန်နှင့် တရားမဝင်ကုန်စည်ပို့ဆောင်နေမှုများအပေါ် ဥပဒေနှင့်အညီ တားဆီးစစ်ဆေးအရေးယူနိုင်ရန်ကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဦးဆောင်ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးညိုစောက ယခုကာလဖြစ်သည့် ၂၀၂၆ ခုနှစ် ဧပြီ၊ မေ၊ ဇွန်နှင့် ဇူလိုင်လများအတွင်း တရားမဝင်ကုန်သွယ်မှုများ ဖမ်းဆီးရမိမှုအခြေအနေ၊ နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်နေသည့်ကိစ္စရပ်များ၊ နယ်စပ်စစ်ဆေးရေးဂိတ်များ စည်းကမ်းစနစ်တကျစစ်ဆေးဆောင်ရွက်ရန်နှင့် တရားမဝင်ကုန်စည်ပို့ဆောင်နေမှုများအပေါ် ဥပဒေနှင့်အညီ တားဆီးစစ်ဆေးအရေးယူနိုင်ရန်ကိစ္စရပ်များ ကုန်သွယ်မှုလမ်းကြောင်းများတစ်လျှောက် ကုန်စည်စီးဆင်းမှု လုံခြုံချောမွေ့စေရေး ဆိုင်ရာကိစ္စရပ်များနှင့် လက်ရှိအသုံးပြုနေသည့် ကုန်သေတ္တာ E-Lock စနစ်ကို ကုန်သွယ်မှုလမ်းကြောင်းအားလုံး အသုံးပြုနိုင်ရေးဆောင်ရွက်ရန်ကိစ္စရပ်များကို အသေးစိတ်ဆွေးနွေးမှာကြားခဲ့ပြီး တရားမဝင်ကုန်သွယ်မှုများ လျော့နည်းကျဆင်းပပျောက်စေရေးအတွက် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးလုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ဆောင်ရွက်ကြရန်ဖြစ်ကြောင်း တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် ဦးဆောင်ကော်မတီအတွင်းရေးမှူး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမြင့်ခိုင်က ယခင် ဦးဆောင်ကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများ ဆွေနွေးတင်ပြခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဦးဆောင်ကော်မတီဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်၊ ဦးဆောင်ကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံနှင့် ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်မျိုးသန့်တို့က ဝန်ကြီးဌာနအလိုက် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများကိုလည်းကောင်း၊ နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ဥက္ကဋ္ဌများက လုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေကိုလည်းကောင်း၊ တက်ရောက်လာသူများက အထွေထွေကိစ္စရပ်များကိုလည်းကောင်း ဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးသို့ ဦးဆောင်ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးညိုစောအပါအဝင် ဒုတိယဥက္ကဋ္ဌများနှင့် ကော်မတီအဖွဲ့ဝင်များ၊ နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ဥက္ကဋ္ဌများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
