◾ ဂြိုလ်တုလမ်းညွှန်မှုစနစ်၊ လူလိုက်ပါသော အာကာသခရီးစဉ်များ ဂြိုလ်တုအခြေပြုရှာဖွေ ကယ်ဆယ်ရေးစနစ် COSPAS-SARSAT နှင့် ကမ္ဘာအနီး အာကာသအတွင်း အန္တရာယ်ရှိသောအခြေအနေများအတွက် အလိုအလျောက် သတိပေးစနစ် (ASPOS)နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာများလည်း ပါဝင်
သတိုး
၁၉. ၈. ၂၀၂၆
ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာ ဗလာ ဒီမာ ပူတင်၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ တရားဝင်ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယမန်နေ့ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီတွင် မော်စကိုမြို့ ကရင်မလင်နန်းတော်၌ ရုရှား ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာ ပူတင်နှင့် တွေ့ဆုံဆွေးနွေးသည်။
ဦးစွာ နိုင်ငံတော်သမ္မတသည် တွေ့ဆုံပွဲ ကျင်းပမည့် ကရင်မလင်နန်းတော်သို့ ရောက်ရှိရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတက ရင်းရင်းနှီးနှီး ခရီးဦးကြိုဆိုနှုတ်ဆက်ပြီး သီးခြားတွေ့ဆုံဆွေးနွေးသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်တွင်အဖွဲ့ဝင်အဖြစ် လိုက်ပါသွားသော ပြည်ထောင်စုဝန်ကြီးများနှင့်တာဝန်ရှိသူများ၊ ရုရှားဖက်ဒရေး ရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးတို့ တက်ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်း နိုင်ငံသမ္မတနှင့်အတူ ရုရှားဖက်ဒရေးရှင်း နိုင်ငံဒုတိယဝန်ကြီးချုပ်၊ ရုရုားဖက်ဒရေးရှင်း နိုင်ငံနိုင်ငံခြားရေးဝန်ကြီး၊ ရုရှားဖက်ဒရေးရှင်း နိုင်ငံသမ္မတ၏ လက်ထောက်အရာရှိနှင့် အစိုးရအဖွဲ့အကြီးအကဲများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် ဦးစွာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာ ပူတင်က ခရီးဦးကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားရာ ယခုကဲ့သို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များကို ထပ်မံတွေ့ဆုံခွင့်ရသည့်အတွက် လွန်စွာဝမ်းမြောက်ဝမ်းသာဖြစ်ရပါကြောင်း၊ ယခုအခါ မြန်မာနိုင်ငံတွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်နေပြီး ရေဘေးသင့်ပြည်သူများကို မိမိအနေဖြင့် စာနာထောက်ထားပြီး အားပေးသည်ကို ပြောကြားလိုပါကြောင်း၊ မိမိတို့နိုင်ငံ၏ သံတမန်ဆက်ဆံမှုအနေဖြင့် ၁၉၄၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး သမိုင်းတစ်လျှောက်တွင် နှစ်နိုင်ငံ ဆက်ဆံရေးစွာ ကောင်းမွန်စွာ တိုးတက်လျက်ရှိနေပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ရုရှား-အာဆီယံ အဖွဲ့အကြား ပူးပေါင်းဆောင်ရွက်ရေးကို အကူအညီပေးသည့်အတွက် မိမိတို့အနေဖြင့် ကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတကာမျက်နှာစာတွင် တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်လျက်ရှိနေပါကြောင်း၊ စီးပွားရေးနယ်ပယ်တွင်လည်း ပိုမိုပူးပေါင်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပူးပေါင်း ဆောင်ရွက်၍ရသည့် စီမံကိန်းများကို အကောင် အထည်ဖော်ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ လုံခြုံရေးနယ်ပယ်တွင်လည်း နှစ်နိုင်ငံဆက်ဆံရေးဖွံ့ဖြိုးတိုးတက်လျက် ရှိကြောင်း၊ ယခုအဆွေတော်၏ ရုရှားနိုင်ငံသို့ခရီးစဉ်အတွင်း တွေ့ဆုံဆွေးနွေးပွဲများ၊ လေ့လာစရာများရှိပါကြောင်း၊ ယခုခရီးစဉ်အတွင်း နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး နယ်ပယ်အသီးသီးကို အသေးစိတ် ဆွေးနွေးဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်ကြောင်း၊ ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးခွင့်ရသည့်အတွက် အထူးပင်ဝမ်းမြောက် ဝမ်းသာဖြစ်ရပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတက ပြန်လည် ဆွေးနွေးပြောကြားရာတွင် မိမိနှင့်ကိုယ်စားလှယ်အဖွဲ့ဝင်များအား ယခုကဲ့သို့ လှိုက်လှဲနွေးထွေးစွာကြိုဆိုမှုအတွက် များစွာဝမ်းမြောက်ဂုဏ်ယူကြောင်းနှင့် ကျေးဇူးတင်ရှိပါကြောင်း၊ မိမိအနေဖြင့် ရုရှားနိုင်ငံသို့ အကြိမ်ကြိမ်လာရောက်ခဲ့ဖူးပြီး ယခုအခါ သမ္မတ အဖြစ်ရွေးချယ်တင်မြှောက်ခံရပြီးနောက်ပိုင်းတွင် ပထမဆုံးလာရောက်ခဲ့သည့် ခရီးစဉ် ဖြစ်ပါကြောင်း၊ မိမိတို့နှစ်နိုင်ငံအနေဖြင့် နိုင်ငံတကာဆက်ဆံရေးနယ်ပယ်အပါအဝင် နယ်ပယ်ပေါင်းစုံတွင် တတ်ကြွစွာပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆွေတော် ပြောကြားသကဲ့သို့ မိမိတို့နိုင်ငံတွင် ပြီးခဲ့သည့်လမှစတင်၍ ရေကြီးရေလျှံမှုများဖြစ်ပေါ် လျက်ရှိကြောင်း၊ ထိုအပေါ်တွင် အဆွေတော်အနေဖြင့် မြန်မာပြည်သူများအပေါ် စာနာထောက်ထားကြောင်း ပြောကြားပေးသည့်အတွက် အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ပြီးခဲ့သည့်နှစ်အတွင်း မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့ ဆုံးရှုံးမှုများလည်းများစွာရှိခဲ့ကြောင်း၊ ထိုအချိန်တွင် အဆွေတော်တို့အနေဖြင့် အထူးအဖွဲ့ များ၊ ကယ်ဆယ်ရေးအဖွဲ့များစေလွှတ်ပေးခဲ့သည်ကို ယခုအချိန်အထိ မမေ့ပါကြောင်းနှင့် ကျေးဇူးတင်ရှိသည်ကိုပြောကြားလိုကြောင်း၊ မိမိတို့နှစ်နိုင်ငံအနေဖြင့် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးတွင် အရှိန်အဟုန်ပြင်းစွာဖြင့် တိုးတက်လျက်ရှိနေပြီး ရှေ့ဆက်၍ ပူးပေါင်းဆောင်ရွက်ရန်ကိစ္စရပ်များလည်း များစွာရှိနေပါကြောင်း၊ အဆွေတော်နှင့် အသေးစိတ်ဆွေးနွေးနိုင်မည်ဟုလည်း မျှော်လင့်ထားပါကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် နိုင်ငံတကာနှင့် ဆက်ဆံရေးနယ်ပယ်များတွင်လည်း ပြောင်းလဲ တိုးတက်လာပြီဖြစ်ပါကြောင်း၊ ဆက်လက်လုပ်ဆောင်ရန်နယ်ပယ်များလည်း များစွာ ကျန်ရှိနေသေးကြောင်း၊ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအပါအဝင် ကဏ္ဍပေါင်းစုံတွင် ရုရှားနိုင်ငံအနေဖြင့် နှစ်ပေါင်းများစွာ အားပေးကူညီခဲ့ပြီး လက်ရှိဖွံ့ဖြိုးတိုးတက်မှုများသည်လည်း ရုရှားနိုင်ငံ၏ အားပေးထောက်ခံမှုများစွာပါဝင်သဖြင့် ကျေးဇူးတင်ရှိသည်ကို ထပ်မံပြောကြားလိုပါကြောင်း၊ သမိုင်းကြောင်းအရ ရှည်လျားစွာရှိသည့် မိမိတို့ နှစ်နိုင်ငံဆက်ဆံရေးသည့် အနာဂတ်တွင်လည်း ခိုင်မြဲစွာရှိနေမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသည် ရုရှားနိုင်ငံ၏ အရှေ့တောင်အာရှတွင် ယုံကြည်စိတ်ချရသည့် မိတ်ဆွေ နိုင်ငံအဖြစ် အမြဲတည်ရှိနေမည်ကို ပြောကြားလိုပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အမြဲအသင့်ရှိပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာ ပူတင်တို့သည် မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုအခြေအနေများနှင့် နိုင်ငံတော်အစိုးရအနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ အွန်လိုင်းလောင်းကစားမှုများနှင့် အွန်လိုင်းငွေကြေးလိမ်လည်မှုများ ပပျောက် စေရေးအတွက် မြန်မာနိုင်ငံအနေဖြင့် ပြင်းပြင်းထန်ထန်နှိမ်နင်းဆောင်ရွက်လျက်ရှိမှု၊ ဒေသတွင်း နိုင်ငံများနှင့်ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက် လျက်ရှိမှုနှင့် အာဆီယံအဖွဲ့အတွင်း အကောင်းဆုံးပူးပေါင်းဆောင်ရွက်လျက်ရှိမှု၊ မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ကာကွယ်ရေး၊ လုံခြုံရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှု၊ ပညာရေး၊ သိပ္ပံနှင့်နည်းပညာ၊ အာကာသ နည်းပညာ၊ ကျန်းမာရေးနှင့် ခရီးသွားကဏ္ဍ အပါအဝင် နယ်ပယ်ပေါင်းစုံတွင် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည့် အခြေအနေများနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာအမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတတို့သည် နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးပွဲကို တက်ရောက်ကြသည်။
အဆိုပါဆွေးနွေးပွဲတွင် နှစ်နိုင်ငံဝန်ကြီးများက ပညာရေးနှင့်ကျန်းမာရေးကဏ္ဍ၊ စက်မှုကုန်ထုတ်လုပ်မှုကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ ကုန်သွယ်မှုကဏ္ဍ၊ သိပ္ပံနှင့်နည်းပညာ ကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ အာကာသသိပ္ပံနှင့် နည်းပညာပူးပေါင်း ဆောင်ရွက်ရေးကဏ္ဍ၊ ကုန်သွယ်ရေကြောင်းပို့ဆောင်ရေးကဏ္ဍနှင့် အခြားပူးပေါင်း ဆောင်ရွက်နိုင်သည့် ကဏ္ဍများနှင့်ပတ်သက်၍ အပြန်အလှန်ဆွေးနွေးကြသည်။ ဆွေးနွေးမှုများအပေါ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော် သမ္မတနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတတို့က လိုအပ်သည်များဖြည့်စွက်ဆွေးနွေးခဲ့ ကြသည်။
သဘောတူညီချက်များနှင့် ဆက်လက်၍ နှစ်နိုင်ငံအစိုးရ နှစ်ရပ်အကြား နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးလဲလှယ်ခြင်း အခမ်းအနားကို ကျင်းပပြုလုပ်ရာ နှစ်နိုင်ငံအကြား တစ်ဖက်သတ်အကျပ်ကိုင်ဆောင်ရွက်မှုများ၏ ဆိုးရွားသောသက်ရောက်မှုများကို တုန့်ပြန်ဖြေရှင်းရန် နည်းလမ်းများနှင့်ပတ်သက်သည့် ကြေညာချက်၊ လျှပ်စစ်စွမ်းအားကဏ္ဍနှင့် ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍများအတွက် နားလည်မှုစာချွန်လွှာ၊ ရေဒီယိုအီလက်ထရောနစ်လုပ်ငန်းနှင့် ဒီဂျစ်တယ်နည်းပညာ နယ်ပယ် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ၊ ယှဉ်ပြိုင်မှုအဖွဲ့ အစည်းတို့အကြား ပူးပေါင်းဆောင်ရွက်ရေးစာချွန်လွှာ၊ ယဉ်ကျေးမှုနှင့် အနုပညာ နယ်ပယ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးနာလည်မှုစာချွန်လွှာ၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာ၊ ဂြိုလ်တုလမ်းညွှန်မှုစနစ်၊ လူလိုက်ပါသော အာကာသခရီးစဉ်များ ဂြိုလ်တုအခြေပြုရှာဖွေ ကယ်ဆယ်ရေးစနစ် COSPAS-SARSAT နှင့် ကမ္ဘာအနီး အာကာသအတွင်း အန္တရာယ်ရှိသောအခြေအနေများအတွက် အလိုအလျောက် သတိပေးစနစ် (ASPOS)နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာနှင့် မြန်မာအာကာသအေဂျင်စီနှင့် Plekhanov Russian University of Economics တို့အကြား နားလည်မှု စာချွန်လွှာများအပါအဝင် စုစုပေါင်း နားလည်မှုစာချွန်လွှာ ၁၂ ခုတို့ကို ရုရှားဖက်ဒရေးရှင်း နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံ အမတ်ကြီးနှင့် သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးများက ရုရှားဖက်ဒရေးရှင်း နိုင်ငံဘက်မှ သက်ဆိုင်ရာဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် နိုင်ငံတော်သမ္မတနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတတို့ရှေ့မှောက်၌ လက်မှတ်ရေးထိုးလဲလှယ်ခဲ့ကြသည်။
ထို့နောက် ပြည်ထောင်စုသမ္မတမြန်နိုင်ငံတော် နိုင်ငံတော်သမ္မတနှင့် ရုရှားဖက်ဒ ရေးရှင်းနိုင်ငံသမ္မတတို့သည် မီဒီယာများအား နှစ်နိုင်ငံပူးတွဲကြေညာချက်များကို အပြန်အလှန် ရှင်းလင်းပြောကြားခဲ့ကြကြောင်းနှင့် နှစ်နိုင်ငံပူးတွဲကြေညာချက်များကို သီးခြားဖော်ပြသွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။



