သက်တံ့
၁၇. ၈. ၂၀၂၆
တရုတ်တိုင်ပေ/ထိုင်ဝမ်သည် ၎င်း၏ ကာကွယ်ရေးစွမ်းအားကို မြှင့်တင်ရန် သန္နိဋ္ဌာန်ချထားပြီး ၂၀၂၇ ခုနှစ်တွင် စံချိန်တင် ကာကွယ်ရေးစရိတ် သုံးစွဲရန် စီစဉ်နေကြောင်း သမ္မတ လိုင်ချင်တဲက ဩဂုတ် ၁၇ ရက်တွင် ပြောကြားခဲ့သလို အစိုးရ၏ စစ်ဘက်ဆိုင်ရာ ဘတ်ဂျက်အဆိုပြုချက်သည် ငြိမ်းချမ်းရေးအတွက် ရင်းနှီးမြှုပ်နှံမှုတစ်ခု ဖြစ်သည်ဟု ဖော်ပြခဲ့သည်။
တရုတ်တိုင်ပေ/ထိုင်ဝမ်ဝန်ကြီးအဖွဲ့သည် ၂၀၂၇ ခုနှစ် ဘတ်ဂျက်ကို ဩဂုတ် ၂၀ ရက်တွင် တရားဝင် ထုတ်ပြန် ကြေညာမည် ဖြစ်ပြီး ကာကွယ်ရေးအသုံးစရိတ် ခွဲဝေသုံးစွဲမည့် အသေးစိတ်အချက်အလက်များ ပါဝင်မည်ဖြစ်သည်။ သို့သော် ၂၀၂၇ ခုနှစ်၏ စုစုပေါင်း ကာကွယ်ရေးအသုံးစရိတ်သည် ပထမဆုံးအကြိမ်အဖြစ် ထိုင်ဝမ်ဒေါ်လာ ၁ ထရီလီယံ (စင်ကာပူဒေါ်လာ ဘီလီယံ ၄၀) ကျော်လွန်မည်ဆိုသည့် မီဒီယာများ၏ သတင်းဖော်ပြချက်ကို လိုင်က အတည်ပြုခဲ့သည်။
ဒီမိုကရေစီနည်းကျ အုပ်ချုပ်နေသည့် တရုတ်တိုင်ပေ/ထိုင်ဝမ်ကို မိမိပိုင်နက်အဖြစ် ရှုမြင်ထားသော တရုတ်နိုင်ငံက ၎င်း၏ ပိုင်ဆိုင်ကြောင်း တောင်းဆိုချက်များကို အတည်ပြုနိုင်ရန် လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း စစ်ရေးနှင့် နိုင်ငံရေးအရ ဖိအားပေးမှုများ တိုးမြှင့်ပြုလုပ်လာသည့်အချိန်တွင် ၎င်း၏ ကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ အဆိုပါ တောင်းဆိုချက်များကို တရုတ်တိုင်ပေ/ထိုင်ဝမ်က ပြင်းပြင်းထန်ထန် ငြင်းဆန်ထားသည်။
သို့သော် တရုတ်တိုင်ပေ/ထိုင်ဝမ်သည် အမေရိကန်က ဥရောပအပေါ် ဖိအားပေးမှုကို ထိန်းညှိသည့်အနေဖြင့် မိမိ၏ ကာကွယ်ရေးအတွက် ပိုမိုသုံးစွဲရန် ဝါရှင်တန်၏ တောင်းဆိုမှုများနှင့်လည်း ရင်ဆိုင်နေရပြီး အဆိုပါတောင်းဆိုချက်ကို လိုင်က လှိုက်လှိုက်လှဲလှဲ လက်ခံခဲ့သည်။
၂၀၂၇ ခုနှစ် ဘတ်ဂျက်နှင့် ပတ်သက်သည့် အစည်းအဝေးတစ်ခုတွင် မိန့်ခွန်းပြောကြားရာ၌ ၂၀၂၇ ခုနှစ်တွင် ကာကွယ်ရေးအသုံးစရိတ်သည် ထိုင်ဝမ်ဒေါ်လာ ၁ ဒသမ ၁၂၂၅ ထရီလီယံအထိ ရောက်ရှိမည်ဖြစ်ပြီး စုစုပေါင်း ပြည်တွင်းထုတ်ကုန် (GDP) ၏ ၃ ရာခိုင်နှုန်းထက် ကျော်လွန်မည်ဖြစ်ကြောင်း သမ္မတရုံးက ထုတ်ပြန်သည့် မိန့်ခွန်းကောက်နုတ်ချက်အရ သိရသည်။
ယင်းသည် “ထိုင်ဝမ်၏ မိမိကိုယ်ကို ကာကွယ်ရေးစွမ်းအား မြှင့်တင်ရန် သန္နိဋ္ဌာန်ကို ပြသနေခြင်းဖြစ်သည်” ဟု ၎င်းက ပြောကြားခဲ့သည်။
“ကာကွယ်ရေးမှာ ရင်းနှီးမြှုပ်နှံခြင်းဟာ ငြိမ်းချမ်းရေးမှာ ရင်းနှီးမြှုပ်နှံတာပဲ ဖြစ်ပါတယ်။ ထိုင်ဝမ်ရေလက်ကြားနဲ့ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုကို ထိန်းသိမ်းဖို့အတွက် ပိုမိုခိုင်မာတဲ့ ကာကွယ်ရေးတပ်မတော်ကို ဆက်လက် တည်ဆောက်သွားပါမယ်” ဟု လိုင်က ပြောခဲ့သည်။
Ref: Reuters / Straits Times
