၁၆.၈.၂၀၂၆
Translated by Htwe Ko Tun
ပြင်သစ်မိသားစုတစ်စုသည် ၎င်းတို့၏ ဂျက်စကီးအပျော်စီးရေယာဉ်တစ်စင်းဖြင့် ထိုင်းပင်လယ်ကွေ့ အတွင်း ကော့စမွီ (Koh Samui) ကျွန်းအနီးတွင် ၂၀၂၆ ခုနှစ်၊ သြဂုတ်လ ၁၃ ရက်က စီးနင်းသွားလာနေရာမှ တိမ်းမှောက်သွားပြီးနောက် ၁၆ နာရီကျော် ပင်လယ်ထဲတွင် မျောပါနေခဲ့ရာ သြဂုတ်လ ၁၄ ရက် နံနက် ၁၀ နာရီခန့်တွင် ပြန်လည်တွေ့ရှိကယ်ဆယ်နိုင်ခဲ့ကြောင်း ဒေသခံ အရာရှိတစ်ဦးက သြဂုတ်လ ၁၅ ရက်တွင် AFP သို့ ပြောကြားခဲ့သည်။
ပြင်သစ်မိသားစု၏ အသက် ၅၀ နှစ်အရွယ် ဖခင် က အသက် ၅ နှစ်နှင့် ၇ နှစ်အရွယ် သားများနှင့်အတူ သြဂုတ်လ ၁၃ ရက် ညနေ ၅ နာရီခန့်တွင် ထိုင်းပင်လယ်ကွေ့ရှိ လူကြိုက်များသော ကော့စမွီအပန်းဖြေကျွန်းရှိ ဒေသခံအော်ပရေတာတစ်ဦးထံမှ ဂျက်စကီးတစ်စင်းကို ငှားရမ်းခဲ့သည်။
သို့သော် ၎င်းတို့သုံးဦးက မိသားစုက သဘောတူထားသည့်အချိန်အတိုင်း ပြန်မလာသည့်အခါ ဂျက်စကီးပိုင်ရှင်က စိုးရိမ်ပူပန်လာပြီး ဒေသခံကယ်ဆယ်ရေးသမားများနှင့် ပြည်နယ်အာဏာပိုင်များကို အကြောင်းကြားခဲ့ကြောင်း ဒေသခံအစိုးရအရာရှိ အမွန်က ပြောခဲ့သည်။

ဂျက်စကီးက ၁၅ မိနစ်ကျော်ခန့် မောင်းနှင်ပြီးနောက် တိမ်းမှောက်ခဲ့ရာ ၎င်းတို့သုံးဦးမှာ ၁၆ နာရီကျော် ပင်လယ်ထဲတွင် မျောနေခဲ့ကြောင်းငိရသည်။
၎င်းတို့ကို သြဂုတ်လ ၁၄ ရက် နံနက် ၁၀ နာရီလောက်တွင် ပြန်လည် တွေ့ရှိခဲ့ချိန်တွင် ပင်လယ်ရေများ မျိုချခဲ့ရ၍ မောပန်းနေကြပြီး အထူးသဖြင့် ကလေးများမှာ အသားအရောင် ဖြူဖျော့နေကြကြောင်း တွေ့ခဲ့ရသည်။ ၎င်းတို့အား ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ရန် ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း မကြာမီတွင် ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ကြောင်း ဒေသခံအစိုးရအရာရှိက ပြောကြားခဲ့သည်။
ဂျက်စကီးက၁၅ မိနစ်ကျော်ခန့် မောင်းနှင်ပြီးနောက် နစ်မြုပ်သွားရခြင်းအကြောင်းကို စုံစမ်းစစ်ဆေးနေကြောင်းသိရသည်။ ဂျက်စကီးပိုင်ရှင်က ဒေသခံမီဒီယာများကို ပြင်သစ်မိသားစုမှာ ငှားရမ်းစာချုပ်တွင် သတ်မှတ် သဘောတူထားသည့် ရေပြင် ဧရိယာပြင်ပကို ခရီးသွားခဲ့ပုံရကြောင်း ပြောခဲ့သည်။
ကော့စမွီကျွန်းသည် ၎င်း၏ ငြိမ်သက်သော ပင်လယ်ပြင်နှင့် အပန်းဖြေစခန်း အမျိုးမျိုးကြောင့် ကမ္ဘာလှည့်ခရီးသွားမိသားစုများအတွက် ထိုင်းနိုင်ငံ၏ အထင်ရှားဆုံး ကျွန်းများထဲမှ တစ်ခုဖြစ်ပြီး၊ နှစ်စဉ် သန်းပေါင်းများစွာသော ဧည့်သည်များကို ဆွဲဆောင်လျက်ရှိသည်။
Ref: France 24
