သက်တံ့
၁၅. ၈. ၂၀၂၆
အီတလီနိုင်ငံ၊ မြောက်ပိုင်း ပါးမားမြို့ (Parma) အနီးရှိ သီးသန့်ပြတိုက်တစ်ခုမှ ယခုနှစ်ဆန်းပိုင်းတွင် ခိုးယူခံခဲ့ရသည့် ယူရို သန်းပေါင်းများစွာ တန်ဖိုးရှိ ရီနွား (Renoir)၊ ဆီဇန်း (Cezanne) နှင့် မာတစ် (Matisse) တို့၏ လက်ရာ ပန်းချီကား ၃ ချပ်ကို အီတလီ အာဏာပိုင်များက ပြန်လည်သိမ်းဆည်းရမိခဲ့ကြောင်း သောကြာနေ့တွင် ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
တရားလိုရှေ့နေများ၏ အမိန့်အရ ရှာဖွေမှုများပြုလုပ်စဉ် အဆိုပါ ပန်းချီကားများကို တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု အီတလီ ကာရာဘီနီယဲရီ (Carabinieri) အနုပညာပစ္စည်း ရှာဖွေရေးတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသော်လည်း အသေးစိတ် အချက်အလက်များကိုမူ ထုတ်ပြန်ထားခြင်း မရှိပေ။ ဖြစ်စဉ်နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ဘရာဇီးလ်နိုင်ငံ၊ ဆော်ပိုလိုမြို့ (Sao Paulo) ပြင်ပရှိ နေရာတစ်ခုကို ဝင်ရောက်စီးနင်းခဲ့ပြီးနောက် ခိုးယူခံထားရသည့် မာတစ်၏ လက်ရာ ၈ ခုကို တွေ့ရှိခဲ့ကြောင်း ဘရာဇီးလ်ရဲတပ်ဖွဲ့က ကြာသပတေးနေ့ နှောင်းပိုင်းတွင် ပြောကြားခဲ့သည်။ အဆိုပါ ရဲတပ်ဖွဲ့၏ စိစစ်ဖော်ထုတ်မှု နှစ်ခုမှာ အပြန်အလှန် ဆက်စပ်မှု မရှိကြောင်း သိရသည်။
အီတလီနိုင်ငံတွင် ပြန်လည်သိမ်းဆည်းရမိခဲ့သည့် ပန်းချီကား ၃ ချပ်မှာ ဩဂတ်စတီ ရီနွား (Auguste Renoir) ၏ “Fish” (ငါးများ) ဆီဆေးပန်းချီကား၊ ပေါလ် ဆီဇန်း (Paul Cezanne) ၏ ခဲဆံနှင့် ရေဆေးလက်ရာဖြစ်သော “Still Life with Cherries” (ချယ်ရီသီးများနှင့် သက်မဲ့အလှ) ပန်းချီကားနှင့် အွန်ရီ မာတစ် (Henri Matisse) ၏ ဆေးရောင်စုံ ပုံနှိပ်လက်ရာဖြစ်သော “Odalisque on the Terrace” (ဝရန်တာပေါ်မှ အမျိုးသမီး) တို့ ဖြစ်ကြသည်။
ဆီဇန်း၏ လက်ရာမှာ ယူရို ၆ သန်း (အမေရိကန်ဒေါ်လာ ၇ သန်း)၊ ရီနွား၏ လက်ရာမှာ ယူရို ၃ သန်းနှင့် မာတစ်၏ လက်ရာမှာ ယူရို ၂၀,၀၀၀ ခန့် တန်ဖိုးရှိကြောင်း အာဏာပိုင်များက ပြောကြားသည်။
ပါးမားမြို့နှင့် ၂၀ ကီလိုမီတာ (၁၂ မိုင်) ခန့် အကွာတွင်ရှိသော မဂ်နာနီ ရော့ကာ ဖောင်ဒေးရှင်း (Magnani Rocca Foundation) ပြတိုက်၌ ဖြစ်ပွားခဲ့သည့် အဆိုပါ ခိုးယူမှုမှာ မတ်လ ၂၂ ရက်နှင့် ၂၃ ရက် ညပိုင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သူခိုးများသည် ဝင်ပေါက်တံခါးကို အတင်းအဓမ္မ ရိုက်ဖွင့်ကာ ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။
ဒေသတွင်း မီဒီယာများ၏ ဖော်ပြချက်အရ သူခိုးများသည် အဆိုပါ ပန်းချီကားများကို ၃ မိနစ်ပင် မပြည့်သည့် အချိန်တိုအတွင်း ခိုးယူကာ ပြတိုက်ဥယျာဉ်များကို ဖြတ်၍ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
Ref : AP Via SCMP
