သက်တံ့
၁၃. ၈. ၂၀၂၆
ရုရှားသမ္မတ ဗလာဒီမာ ပူတင်သည် ရုရှားအရှေ့ဖျားဒေသရှိ ကူရေးလ်ကျွန်းစု (Kuril Islands) သို့ ကြာသပတေးနေ့က ပထမဆုံးအကြိမ် သွားရောက်ခဲ့ရာ ယင်းနယ်မြေကို ပိုင်ဆိုင်ကြောင်း ကြေညာထားသည့် ဂျပန်နိုင်ငံ၏ ပြင်းထန်စွာ ကန့်ကွက်မှုကို ထွက်ပေါ်စေခဲ့သည်။
ဂျပန်နိုင်ငံက “မြောက်ပိုင်းနယ်မြေများ” ဟု ခေါ်ဆိုပြီး ၁၉၄၅ ခုနှစ်တွင် ဆိုဗီယက်ယူနီယံက သိမ်းပိုက်ခဲ့သည့် အဆိုပါ အငြင်းပွားဖွယ် ကျွန်းစုများနှင့် ပတ်သက်၍ တင်းမာမှုများသည် ရုရှား-ဂျပန် ဆက်ဆံရေးကို ကာလရှည်ကြာ နှောင့်ယှက်လျက်ရှိသည်။
ကရင်မလင်နန်းတော်က ပူတင်၏ ကူရေးလ်ကျွန်းစု ခရီးစဉ် ဗီဒီယိုဖိုင်ကို ထုတ်ပြန်ခဲ့ပြီး အဆိုပါ ရုပ်သံတွင် ပူတင်သည် ငါးပြုပြင်မွမ်းမံသည့် စက်ရုံတစ်ရုံသို့ သွားရောက်ခဲ့ကာ ကမ္ဘာ့ဈေးအကြီးဆုံး ကာဗီယာ (Caviar) ငါးဥဖြင့် ဧည့်ခံခြင်းခံခဲ့ရကြောင်း ရုရှားမီဒီယာများက ဖော်ပြခဲ့သည်။
ပူတင်သည် ရုရှားရေတပ် (ပစိဖိတ်ရေတပ်စု) က စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်နေသည့် ရုရှားပိုင် ဆာခါလင်းကျွန်း (Sakhalin) သို့ သွားရောက်ခဲ့ပြီးနောက် အနီးရှိ ကူရေးလ်ကျွန်းစုသို့ ဆက်လက်ထွက်ခွာခဲ့ခြင်းဖြစ်သည်။
ဆာခါလင်းကျွန်းတွင် ပူတင်သည် “ရုရှား၏ အရှေ့ဘက်နယ်စပ်ဒေသများ လုံခြုံရေး အာမခံချက်ပေးရေး” ဆိုင်ရာ အစည်းအဝေးတစ်ခုကို ပြုလုပ်ခဲ့ကြောင်း RIA Novosti သတင်းဌာနက ဖော်ပြခဲ့သည်။
၂၀၂၂ ခုနှစ် ယူကရိန်းကို အပြည့်အဝ ကျူးကျော်ဝင်ရောက်ခဲ့ချိန်မှစ၍ ရုရှားနှင့် ဆက်ဆံရေး ပိုမိုဆိုးရွားလာခဲ့သည့် ဂျပန်နိုင်ငံက ယခုဖြစ်စဉ်အပေါ် ပြင်းထန်စွာ ကန့်ကွက်ခဲ့သည်။ တစ်ချိန်တည်းမှာပင် မော်စကို၏ တရုတ်၊ မြောက်ကိုရီးယားတို့နှင့် ဆက်ဆံရေးမှာမူ ပိုမိုနွေးထွေးလာခဲ့သည်။
Ref: SCMP
