◾️ ဥပဒေချိုးဖောက်မှုအတွက်လည်း ၃၇၅ သန်း ဒဏ်ရိုက်ထားသဖြင့် ဒေါ်လာ တစ်ဘီလျံနီးပါး လျော်ကြေးပေးရမည့်အခြေအနေဖြစ်လာ
သက်တံ့
၇. ၈. ၂၀၂၆
အမေရိကန်ပြည်ထောင်စု၊ နယူးမက္ကဆီကို ပြည်နယ် တရားသူကြီးတစ်ဦးက မက်ဇူကာဘတ်ချ်၏ Meta ကုမ္ပဏီအား ဒေါ်လာ ၅၆၇ သန်း ပေးလျော်ရန်နှင့် လူငယ်များ ၎င်း၏ ပလက်ဖောင်းများကို အသုံးပြုသည့် နည်းလမ်းများကို ပြောင်းလဲပြင်ဆင်ရန် အမိန့်ချမှတ်ခဲ့သဖြင့် နည်းပညာဘီလူးကြီး Meta အဖို့ ဆိုရှယ်မီဒီယာများ၏ ထိခိုက်နစ်နာမှုနှင့် စွဲလမ်းစေမှုများအတွက် တရားရင်ဆိုင်နေရသည့် အမှုများအနက် အကြီးမားဆုံးသော ဘဏ္ဍာရေးဆိုင်ရာ ပြစ်ဒဏ်ချမှတ်ခံရမှုလည်း ဖြစ်လာခဲ့သည်။
ကြာသပတေးနေ့နှောင်းပိုင်းက ထွက်ပေါ်လာသည့် အဆိုပါ စီရင်ချက်သည် ယင်းအမှုတွင်ပင် လွန်ခဲ့သော မတ်လအတွင်းက ဂျူရီလူကြီးများက Meta အား ဥပဒေချိုးဖောက်မှုအတွက် ဒေါ်လာ ၃၇၅ သန်း ပေးလျော်ရန် အမိန့်ချထားပြီးနောက် ထပ်မံ ပေးလျော်ခိုင်းမှု ထွက်ပေါ်လာခြင်းဖြစ်သည်။ ထိုစဉ်က Meta သည် ၎င်း၏ ပလက်ဖောင်းများ၏ လုံခြုံရေးနှင့် ပတ်သက်၍ အသုံးပြုသူများအား လှည့်ဖြားခဲ့ပြီး လူငယ်များ လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်ခံရမှုများကို လမ်းဖွင့်ပေးခဲ့ကြောင်း တွေ့ရှိခဲ့ရသည်။
ထို့ကြောင့် Meta အနေဖြင့် ယခုအမှုတစ်ခုတည်းတွင်ပင် “ဥပဒေချိုးဖောက်မှုအတွက် ဒဏ်ငွေ” နှင့် “ထိခိုက်နစ်နာမှုများကို ကုစားရန် ရန်ပုံငွေ” ဒဏ်ကြေးနှစ်ခုပေါင်း ဒေါ်လာ ၉၄၂ သန်း (ဒေါ်လာ ၁ ဘီလျံနီးပါး) ပေးလျော်ရမည့် အခြေအနေ ဖြစ်လာခဲ့သည်။
ဒေါ်လာ ၅၆၇ သန်းကို ကုမ္ပဏီကြောင့် ဖြစ်ပွားခဲ့ရသည့် ထိခိုက်နစ်နာမှုများကို ကုစားရေး ရန်ပုံငွေအဖြစ် အသုံးပြုမည်ဖြစ်ပြီး၊ ထိုအထဲတွင် ဆိုရှယ်မီဒီယာကြောင့် ထိခိုက်နစ်နာခဲ့ရသည့် လူငယ်များကို ကုသပေးရေးအတွက် ရန်ပုံငွေများလည်း ပါဝင်သည်။
“ဒီကိစ္စမှာ Meta တစ်ခုတည်းတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ သူ့ရဲ့ ဆိုရှယ်မီဒီယာ ပလတ်ဖောင်းတွေဟာ နယူးမက္ကဆီကိုရဲ့ လူငယ်တွေကြားမှာ အခုဖြစ်ပေါ်နေတဲ့ စိတ်ကျန်းမာရေး အကျပ်အတည်းကို ဖြစ်ပေါ်စေတဲ့ အဓိက အကြောင်းအရင်းတစ်ရပ်ဖြစ်တယ်ဆိုတာ ဒီအမှုမှာ ခိုင်လုံတဲ့ သက်သေအထောက်အထားတွေအရ အတည်ပြုနိုင်ခဲ့ပါတယ်” ဟု ဆန်တာဖေး (Santa Fe) မြို့ရှိ ပြည်နယ်ခရိုင်တရားရုံး တရားသူကြီး Bryan Biedscheid က စီရင်ချက်တွင် ရေးသားထားသည်။
Meta ၏ ပြောရေးဆိုခွင့်ရှိသူ Andy Stone ကမူ ကုမ္ပဏီအနေဖြင့် ယခုစီရင်ချက်ကို သဘောမတူဘဲ အယူခံဝင်ရန် စီစဉ်နေကြောင်း ထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားခဲ့သည်။
“ကျွန်တော်တို့ ပလက်ဖောင်းတွေမှာ လူတွေကို လုံခြုံမှုရှိစေဖို့ အစွမ်းကုန် ကြိုးစားနေပြီး မကောင်းတဲ့သူတွေနဲ့ အန္တရာယ်ရှိတဲ့ အကြောင်းအရာတွေကို ဖော်ထုတ်ဖယ်ရှားရာမှာ ကြုံတွေ့ရတဲ့ စိန်ခေါ်မှုတွေကို ပွင့်လင်းမြင်သာစွာ ချပြခဲ့ပါတယ်” ဟု ၎င်းက ပြောသည်။ ထို့အပြင် “အွန်လိုင်းမှာ ဆယ်ကျော်သက်တွေကို ကာကွယ်ပေးခဲ့တဲ့ ကျွန်တော်တို့ရဲ့ လုပ်ဆောင်ချက်တွေအပေါ် ယုံကြည်မှုအပြည့်ရှိပြီး မမှန်မကန် စွပ်စွဲချက်တွေကို ဆက်လက် ခုခံချေပသွားမှာဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
တရားသူကြီး၏ စီရင်ချက်ပါ အမိန့်အရ ပြင်ဆင်ရမည့် အချက်များအနက် နယူးမက္ကဆီကို ပြည်နယ်အတွင်းရှိ Instagram နှင့် Facebook အသုံးပြုသူ အသက်မပြည့်သေးသည့် အကောင့်များသို့ ည ၁၀ နာရီမှ နံနက် ၇ နာရီအထိ Push Notification များ ပေးပို့ခြင်းကို Meta အနေဖြင့် တားမြစ်ခံရမည် ဖြစ်သည်။ ထို့အပြင် အဆိုပါ အသက်မပြည့်သေးသူများ အသုံးပြုသည့် အချိန်ကိုလည်း တစ်လလျှင် နာရီ ၉၀ ထက် မပိုစေရန် ကန့်သတ်ပေးရမည် ဖြစ်သည်။
Meta သည် ၎င်း၏ ပလက်ဖောင်းများနှင့် အကန့်အသတ်မရှိ အထက်အောက် ဆွဲကြည့်နိုင်သည့် (Infinite Scroll) အင်္ဂါရပ်များသည် ကျယ်ပြန့်သော ထိခိုက်မှုများကို ဖြစ်ပေါ်စေခဲ့သည်ဟု စွပ်စွဲကာ ဆယ်ကျော်သက်များ၊ ကျောင်းဇုန်များနှင့် ရှေ့နေချုပ်များက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တရားစွဲဆိုထားသည့် အမှုပေါင်း ထောင်ပေါင်းများစွာနှင့် ရင်ဆိုင်နေရသည်။
နယူးမက္ကဆီကိုသည် နည်းပညာဘီလူးကြီးကို တရားရုံးတွင် စတင်ရင်ဆိုင်ခဲ့သည့် ပြည်နယ်များအနက် ပထမဆုံး ပြည်နယ်ဖြစ်ပြီး၊ ကုမ္ပဏီသည် ယခုလနှောင်းပိုင်းတွင် ကယ်လီဖိုးနီးယား၊ ကိုလိုရာဒို၊ ကန်တက်ကီနှင့် နယူးဂျာစီ ပြည်နယ်ရှေ့နေချုပ်များ စွဲဆိုထားသည့် အမှုကို ရင်ဆိုင်ရန် ကယ်လီဖိုးနီးယားပြည်နယ်၊ အုတ်ကလန်း (Oakland) မြို့၌ တရားရင်ဆိုင်ရတော့မည် ဖြစ်သည်။
“နှစ်ပေါင်းများစွာ Meta ဟာ သူ့ရဲ့ ပလက်ဖောင်းတွေကတစ်ဆင့် လူငယ်တွေရဲ့ စိတ်ကျန်းမာရေး အကျပ်အတည်းကို မီးထိုးပေးတာကနေ ကလေးသူငယ်တွေကို မသမာသူတွေနဲ့ ချိတ်ဆက်ပေးမိတာအထိ နယူးမက္ကဆီကိုက ကလေးငယ်တွေကို ထိခိုက်နေမှန်း သိထားခဲ့ပါတယ်။ ဒါပေမဲ့ သူတို့က ကလေးငယ်တွေရဲ့ လုံခြုံရေးထက် အသုံးပြုမှု မြင့်တက်ရေးနဲ့ အမြတ်အစွန်းရရှိရေးကိုပဲ ရွေးချယ်ခဲ့ပါတယ်” ဟု ပြည်နယ်ရှေ့နေချုပ် Raúl Torrez က ပြောကြားခဲ့သလို “ဒီနေ့မှာတော့ Meta ဟာ အဲဒီလို ရွေးချယ်ခဲ့မှုအတွက် ပေးဆပ်နေရတာ ဖြစ်ပါတယ်” ဟုလည်း ဆက်လက်ပြောကြားခဲ့သည်။
Ref : The New York Times
