သက်တံ့
၄. ၈. ၂၀၂၆
အမြန်လမ်းတွင် Alphard ယာဥ်တစ်စီး ယနေ့နံနက်ခင်းအချိန်က အင်ဂျင်ခန်းမှစတင်ကာ တစ်စင်းလုံးမီးလောင်သွားသော်လည်း လိုက်ပါလာသူငါးဦး အန္တရာယ်ကင်းရှင်းခဲ့သည်ဟု အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့မှ သိရသည်။
ဖြစ်စဥ်မှာ ယနေ့ ဩဂုတ် ၄ ရက် နံနက် ၆ နာရီခွဲအချိန်က ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၁၄၃/၆ အနီးတွင် ရန်ကုန်မှ နေပြည်တော်သို့အသွားလမ်း၌ ယာဉ်မောင်းပါ အမျိုးသားငါးဦး လိုက်ပါလာသည့် Toyota Alphard အဖြူရောင်ယာဉ်သည် မောင်းနှင်နေစဉ် အချက်ပြမီး လင်းလာ၍ ယာဉ်အားရပ်တန့်ပြီး ရှေ့စက်ဖုံးအားဖွင့်ကြည့်ရာ အင်ဂျင်ခန်းမှ မီးလောင်သွားသော ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်ကြောင့် ယာဥ်တစ်စီးလုံးမီးလောင်ပျက်စီးသွားသော်လည်း ယာဉ်ပေါ်ပါလာသူအားလုံး ထိခိုက်ဒဏ်ရာမရရှိခဲ့ကြောင်း သိရှိရသလို အမြန်လမ်းအသုံးပြုသည့် ယာဉ်မောင်းများ အနေဖြင့်မိမိယာဉ်၏ ကြံ့ခိုင်မှုအား လမ်းပေါ်မရောက်မီ သေချာစွာ စစ်ဆေးကြရန် လိုအပ်ပြီး အိမ်စီးကားများမှာ တစ်နာရီ ကီလိုမီတာ ၁၀၀ နှင့် ကုန်တင်ယာဥ်များနှင့် ပစ်ကပ်ယာဥ်များမှာ တစ်နာရီ ကီလိုမီတာ ၆၀ နှုန်းသာ အများဆုံးမောင်းနှင်ကြပါရန် အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့က အထူးသတိပေးထားသည်။
ဓာတ်ပုံ – အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့၊ K Thein Swe
