သက်တံ့
၄. ၈. ၂၀၂၆
အိန္ဒိယနိုင်ငံ အမျိုးသားအင်္ဂါရပ်နှင့် တစ်ရှူး အစားထိုးကုသရေးအဖွဲ့အစည်း (NOTTO) ၏ နှစ်စဉ်အစီရင်ခံစာအရ အမေရိကန်နှင့် ဗြိတိန်နိုင်ငံတို့မှ လူနာ ၃ ဦးစီ အပါအဝင် ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံပေါင်း ၆၃ နိုင်ငံမှ လူနာ ၁,၅၀၀ ကျော်သည် အိန္ဒိယနိုင်ငံ၌ ၂၀၂၅ ခုနှစ်အတွင်း ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်း အစားထိုးခွဲစိတ်ကုသမှု ခံယူရန် ရွေးချယ်ခဲ့ကြသည်။
အဆိုပါ နိုင်ငံခြားသား လူနာအများစုသည် ၎င်းတို့၏ အသက်ရှင်လျက်ရှိသော ဆွေမျိုးများထံမှ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းများ ရရှိခဲ့ကြခြင်းဖြစ်သော်လည်း နိုင်ငံခြားသား ၁၁ ဦးမှာမူ ကွယ်လွန်သွားသူ အိန္ဒိယနိုင်ငံသား လှူဒါန်းသူများထံမှ ကိုယ်တွင်းအင်္ဂါများ ရရှိခဲ့ကြသည်။
ကွယ်လွန်သွားသည့် အိန္ဒိယနိုင်ငံသားများထံမှ ကိုယ်တွင်းအင်္ဂါများကို ၎င်းတို့၏ မိသားစုများက မည်သည့်အကျိုးအမြတ်မျှ မယူဘဲ တော်စပ်မှုမရှိသည့် ဝေဒနာရှင်များအတွက် ပရဟိတစိတ်ဓာတ်ဖြင့် လှူဒါန်းကြခြင်းဖြစ်သည်။ အစားထိုးကုသမှုလိုအပ်နေသည့် လူနာတန်းစီဇယားမှာ အလွန်ရှည်လျားသော်လည်း အိန္ဒိယနိုင်ငံ၌ ယင်းကဲ့သို့ ကွယ်လွန်သူများက ကိုယ်တွင်းအင်္ဂါလှူဒါန်းမှုမှာ လူဦးရေတစ်သန်းလျှင် ၁ ဦးအောက်သာ ရှိသဖြင့် အလွန်နည်းပါးနေသေးသည်။
ကွယ်လွန်သူ အိန္ဒိယနိုင်ငံသားများ၏ ကိုယ်တွင်းအင်္ဂါများကို အစားထိုးကုသမှု စောင့်ဆိုင်းနေသည့် အိန္ဒိယနိုင်ငံသား လူနာများအကြား အချိန်မီ ကိုက်ညီသူ မတွေ့ရှိမှသာလျှင် နိုင်ငံခြားသားများထံ ခွဲဝေပေးခြင်းဖြစ်သည်။ အချက်အလက်များအရ ၂၀၂၅ ခုနှစ်အတွင်း အိန္ဒိယနိုင်ငံ၌ ကွယ်လွန်သူ လှူဒါန်းသူများထံမှ ကိုယ်တွင်းအင်္ဂါများကို အသုံးပြု၍ စုစုပေါင်း ကိုယ်တွင်းအင်္ဂါအစားထိုးကုသမှု ၃,၅၂၆ ခု ဆောင်ရွက်ခဲ့သည်။
နိုင်ငံခြားသားများထံ လှူဒါန်းခဲ့သည့် ကွယ်လွန်သူများ၏ ကိုယ်တွင်းအင်္ဂါများတွင် နှလုံး ၃ ခု၊ အဆုတ် ၅ ခု၊ အူသိမ် ၂ ခုနှင့် မုန့်ချိုအိတ် ၁ ခုတို့ ပါဝင်သည်။ အဆိုပါ ကိုယ်တွင်းအင်္ဂါများကို ရရှိခဲ့သည့် နိုင်ငံခြားသား ၁၁ ဦးအနက် ၃ ဦးမှာ အီရတ်နိုင်ငံသားများဖြစ်ပြီး နှလုံးတစ်လုံး၊ အဆုတ်တစ်လုံးနှင့် အူသိမ်တစ်လုံး ရရှိခဲ့ကြသည်။ ကျန်ရှိသည့် ကိုယ်တွင်းအင်္ဂါရရှိသူများမှာ ဆီးရီးယား၊ တူရကီ၊ လီဘနွန်၊ ကာဂျစ်စတန်၊ ကင်ညာ၊ အီသီယိုးပီးယားနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ လူနာတစ်ဦးစီ ဖြစ်ကြသည်။
လက်ရှိအသက်ရှင်လျက်ရှိသည့် နီးစပ်ရာဆွေမျိုးများက ကိုယ်တွင်းအင်္ဂါလှူဒါန်းသည့် (Living Donor Transplants) အစားထိုးကုသမှုနှင့် ပတ်သက်၍ ၂၀၂၅ ခုနှစ်အတွင်း အိန္ဒိယနိုင်ငံ၌ နိုင်ငံခြားသားများအတွက် ၁,၅၆၀ ခု ဆောင်ရွက်ပေးခဲ့သည်။ ယင်းကဲ့သို့ အစားထိုးကုသမှု အများဆုံး ခံယူခဲ့သည့် လူနာများမှာ ဥဇဘက်ကစ္စတန်မှ ၃၇၃ ဦး၊ မြန်မာနိုင်ငံမှ ၁၄၆ ဦးနှင့် ကာဂျစ်စတန်မှ ၁၁၅ ဦးတို့ ဖြစ်ကြသည်။
မြန်မာနိုင်ငံသည် ၂၀၂၃ ခုနှစ်အတွင်းက “ကျောက်ကပ်အတွက် ငွေကြေးပေးအပ်မှု” မသမာမှု (Cash for kidney scam) ၏ ဗဟိုချက်ဖြစ်ခဲ့ပြီး ပွဲစားများသည် လက်ခံသူထံမှ ငွေကြေးရရှိသည့် ဆင်းရဲသား လှူဒါန်းသူအား လက်ခံသူနှင့် အမှန်တကယ်သွေးသားတော်စပ်ကြောင်း စာရွက်စာတမ်း အတုများ ပြုလုပ်ခဲ့ကြသည်ကို တွေ့ရှိခဲ့ရသည်။
Ref: Indian Express
