ဓာတ်ပုံ - MFSD
၃၁.၇.၂၀၂၆
Written by Linn Eain
လေးမျက်နှာမြို့နယ်၊ ငဝန်တာကျိုးပေါက်သဖြင့် ရေဘေးအန္တရာယ် ကျရောက်နိုင်သည့် နေရာများမှ ပြည်သူများအား အရေးပေါ် ရွှေ့ပြောင်းပေးနေကြောင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ဇူလိုင် ၃၁ ရက် နံနက်ပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။
ငဝန်တာသည် မြစ်ရေတွန်းအားကြောင့် ဇူလိုင် ၃၀ ရက် ည ၁၀ နာရီ ၄၅ မိနစ်တွင် ငဝန်ရေကာတာ၏ တာဘောင် ပေ ၂၀ ခန့် စတင်ကျိုးပေါက်မှု ဖြစ်ပွားခဲ့ပြီး တာကျိုးပေါက်မှုကြောင့် တာအတွင်းဘက်သို့ မြစ်ရေများ အနက် ၂ ပေခွဲခန့် စတင်ဝင်ရောက်လျက်ရှိနေကြောင်း သိရသည်။
ထို့ကြောင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အရေးပေါ်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဖြင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံမီးသတ်ဖွဲ့ဝင်များ၊ အခြားလှုမှုကူညီရေးအဖွဲ့များသည် လေးမျက်နှာမြို့နယ်တွင် နေထိုင်သူများအား ရေကြီးနှစ်မြုပ်မှုမှ ကူညီရွှေ့ပြောင်းပေးလျက်ရှိကြောင်း သိရသည်။
ငဝန်တာအတွင်းပိုင်းသို့ ဝင်ရောက်လာသော မြစ်ရေများသည် ဖြစ်စဉ်နေရာ၏ အရှေ့ဘက် မြစ်ကျိုးအင်း၊ ထိုမှတစ်ဆင့် အရှေ့မြောက်ဘက် ချောင်းဇောက်၊ ထိုမှတစ်ဆင့် စာရေးကုန်းချောင်း၊ ထိုမှတစ်ဆင့် ဒါးကမြစ်အတွင်းသို့ စီးဝင်နိုင်ကြောင်း သတိပေးထုတ်ပြန်ထားသည်။
ထို့ကြောင့် လေးမျက်နှာမြို့အတွင်းရှိ ရေဝင်ရောက်နိုင်သော အနိမ့်ပိုင်းရပ်ကွက်များနှင့် စိုက်ပျိုးမြေများအနီးနေထိုင်သူများအနေဖြင့် ဘေးလွတ်ရာ ကုန်းမြင့်များ၊ စက်ရုံ/ကျောင်းများ/ဓမ္မာရုံများနှင့် သက်ဆိုင်ရာ ကယ်ဆယ်ရေးစခန်းများသို့ ချက်ချင်းအရေးပေါ် ရွှေ့ပြောင်းကြရန်၊ ပစ္စည်းများနှင့် သက်ကြီး/ကလေးများ – တန်ဖိုးရှိ စာရွက်စာတမ်းများ၊ ဆေးဝါး၊ အစားအစာများနှင့် သက်ကြီးရွယ်အိုများ၊ ကလေး သူငယ်များကို ရှေ့ဦးစွာလုံခြုံသောနေရာသို့ ပို့ဆောင်ထားကြရန် သတိပေးထုတ်ပြန်ထားသည်။
ရေဘေးအန္တရာယ်မှ ရွှေ့ပြောင်းရန် အခက်အခဲရှိပါက ရပ်/ကျေး အုပ်ချုပ်ရေးအဖွဲ့များ၊ ကယ်ဆယ်ရေးအဖွဲ့များနှင့် မီးသတ်တပ်ဖွဲ့ဝင်များထံ ချက်ချင်း ဆက်သွယ်အကူအညီတောင်းခံကြရန်နှင့် စိုးရိမ်ထိတ်လန့်ခြင်းမရှိဘဲ သက်ဆိုင်ရာ၏ အရေးပေါ် ညွှန်ကြားချက်များကို အတိအကျလိုက်နာ၍ ဘေးလွတ်ရာသို့ အမြန်ဆုံးရွှေ့ပြောင်းနေထိုင်ကြပါရန် ထုတ်ပြန်နှိုးဆော်ထားကြောင်း သိရသည်။
ဓာတ်ပုံ – Ayeyarwady Region Government FB









