၃၀.၇.၂၀၂၆
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု၊ နယူးယော့ခ်မြို့မှာ ကျင်းပခဲ့တဲ့ ၂၀၂၆ ဖီဖာ ကမ္ဘာ့ဖလားဗိုလ်လုပွဲရဲ့ အဆုံးသတ်အချိန်ကို အရုပ်ဆိုး ထိခိုက်စေခဲ့တဲ့ မြင်ကွင်းတွေအပြီး ဆယ်ရက်အကြာမှာတော့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာက အာဂျင်တီးနားကို ထိထိရောက်ရောက် အရေးယူတဲ့အနေနဲ့ ဇူလိုင် ၂၈ ရက်မှာ တရားစွဲဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။
စပိန်နဲ့ဗိုလ်လုပွဲအပြီးမှာ အကြမ်းဖက်ခိုက်ရန်ဖြစ်မှုအတွက် အာဂျင်တီးနားကစားသမားနှစ်ဦးကို ဖီဖာက တရားစွဲဆိုခဲ့ပြီး အင်္ဂလန်ကိုအနိုင်ရခဲ့တဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်အပြီးမှာလည်း အာဂျင်တီးနားဘောလုံးသမားတွေက ဖော့ကလန်ကျွန်းစုနဲ့ပတ်သက်တဲ့ ဆိုင်းဘုတ်တွေကိုကိုင်ဆောင်ကာ အားကစားကို နိုင်ငံရေးအရ ရောထွေးအသုံးချအောင်ပွဲခံခဲ့တဲ့အတွက် အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်ကို စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ တရားစွဲဆိုမှုတွေ စတင်ပြုလုပ်ခဲ့တာလို့ သိရပါတယ်။

ဖီဖာက တစ်ပြိုင်နက်တည်းမှာပဲ အာဂျင်တီးနားနဲ့ပတ်သက်တဲ့ စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ အမှုများစွာကို ကြေညာခဲ့ပါတယ်။ အဲဒီမှာ ပရိသတ်တွေရဲ့ ခွဲခြားဆက်ဆံတဲ့ ကြွေးကြော်သံတွေနဲ့ လက်ဟန်ခြေဟန်တွေ၊ အာဂျင်တီးနားလက်ထောက်နည်းပြ ရောဘတ်တို အာယာလာက စပိန်ကွင်းလယ်လူ ဒါနီ အိုလ်မိုကို ကိုယ်ထိလက်ရောက် ကျူးလွန်မှု စွပ်စွဲချက်တွေနဲ့ ကမ္ဘာ့ဖလားပွဲစဉ်တွေအတွင်း ပရိသတ်တွေက အရာဝတ္ထုတွေနဲ့ ပစ်ပေါက်မှု ဖြစ်ရပ်တွေ ပါဝင်ပါတယ်။
စပိန်အသင်းက ဗိုလ်လုပွဲမှာ တစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ရပြီးနောက် ဗိုလ်လုပွဲအပြီး ရန်ပွဲဖြစ်ပွားစေခဲ့သော အာဂျင်တီးနားကွင်းလယ်လူ လီအန်ဒရို ပါရီဒက်စ်ကိုဆိုရင် ကိုယ်ထိလက်ရောက် ကျူးလွန်မှု သုံးမှုနဲ့ တရားစွဲဆိုထားပါတယ်။ ရုပ်မြင်သံကြားဗီဒီယိုမှာ ပွဲသိမ်းခရာမှုတ်ပြီးနောက် ဒေါသထွက်နေတဲ့ ပါရီဒက်စ်ဟာ စပိန်နောက်ခံလူ အဲရစ်ဂါစီယာရဲ့ လည်ပင်းကို ဆွဲကိုင်ပြီးနောက် မြေပြင်ပေါ်သို့ တွန်းချခဲ့ပြီး ကွင်းလယ်လူ ဂါဗီကို မြက်ခင်းပြင်ပေါ်သို့ လှဲချခဲ့တာကို တွေ့ကြရပါတယ်။
အာဂျင်တီးနားနောက်ခံလူ နာဟူးလ် မိုလီနာ ဆိုရင် ထိပ်တိုက်တွေ့မှုတစ်ခုအတွင်းမှာ စပိန်အသင်း ခေါင်းဆောင် ရိုဒရီကို ထိုးနှက်ပြီးနောက် ကိုယ်ထိလက်ရောက် ကျူးလွန်မှုနှစ်ခုဖြင့် တရားစွဲဆို ခံခဲ့ရပါတယ်။ ထိုဖြစ်ရပ်က ပဋိပက္ခကို ပိုမိုဆိုးရွားစေတဲ့ အချက်ဖြစ်ပြီး ပါရီဒက်စ်က ရန်ပွဲမှာ ပါဝင်မလာခင် ဂါစီယာဟာ သူ့ရဲ့ အသင်းခေါင်းဆောင် ရိုဒရီကို ကာကွယ်ဖို့ အပြေးအလွှား ဝင်ရောက်ခဲ့တာပါ။
အရင်အာဂျင်တီးနား နောက်ခံလူဖြစ်တဲ့ လက်ထောက်နည်းပြ ရောဘတ်တို အာယာလာ ဟာလည်း ဗီဒီယိုမှတ်တမ်းအရ ရန်ပွဲအပြီးမှာ စပိန်ကွင်းလယ်လူ ဒါနီ အိုလ်မိုကို ရင်ဆိုင်တိုက်ခိုက်နေတာ ပြသထားပြီး သူ့ကိုလည်း သီးခြား ကိုယ်ထိလက်ရောက် ကျူးလွန်မှု စွဲချက်တင်ခဲ့ပါတယ်။

အာဂျင်တီးနားအသင်းက မိုလီနာနဲ့ သီယာဂို အယ်လ်မာဒါတို့ကို အားကစားနဲ့ မကိုက်ညီတဲ့ အပြုအမူတွေပြုမူတာအတွက် ဖီဖာက တရားစွဲဆိုခဲ့ပြီး စပိန်ကွင်းလယ်လူ ဂါဗီဟာလည်း အလားတူ စွဲချက်တင်ခံရပါတယ်။
အင်္ဂလန်ကို နှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ရပြီးနောက် အာဂျင်တီးနားကစားသမားတွေဟာ မာလ်ဗီးနားစ်ကျွန်းတွေက အာဂျင်တီးနားပိုင်ဖြစ်တယ်လို့ အဓိပ္ပာယ်ရတဲ့ “Las Malvinas son Argentinas” (“The Malvinas are Argentine”) ဆိုတဲ့ ဆိုင်းဘုတ်ကို ကိုင်ဆောင်ပြသပြီးအောင်ပွဲခံခဲ့ကြပါတယ်။ ဒီအတွက်လည်း ဖီဖာက အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်ကို “အားကစားမဟုတ်တဲ့ သရုပ်ပြမှုတွေအတွက် အားကစားပွဲကို အသုံးပြုမှု” နဲ့ တရားစွဲခဲ့ပါတယ်။
အာဂျင်တီးနားနိုင်ငံမှာ ဖော့ကလန်ကျွန်ုးတွေကို မာလ်ဗီးနားစ်ကျွန်းတွေလို့ ရည်ညွှန်းခေါ်ဝေါ်ကြတာပါ။ ၁၉၈၂ ခုနှစ်မှာ အာဂျင်တီးနားနိုင်ငံနဲ့ ဗြိတိန်နိုင်ငံတို့ဟာ ထိုကျွန်းတွေပိုင်ဆိုင်မှုအတွက် ၁၀ ပတ်ကြာ စစ်ပွဲဖြစ်ခဲ့ကြပြီး ဗြိတိသျှတို့ အောင်ပွဲခံကာ အဆုံးသတ်ခဲ့ပါတယ်။
ဖီဖာ FIFA စည်းကမ်းထိန်းသိမ်းရေးကော်မတီက နောက်ဆုံးဆုံးဖြတ်ချက်မချမီ လူပုဂ္ဂိုလ်အားလုံးနဲ့ အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်ကို စွပ်စွဲချက်တွေကို တုံ့ပြန်ဖို့ အခွင့်အရေးပေးထားပြီးဖြစ်တယ်လို့ အတည်ပြုခဲ့ပါတယ်။
Ref : Hindustan Times
