၂၇.၇.၂၀၂၅.
Translated by Htwe Ko Tun
ဘရာဇီးနိုင်ငံ၏လက်ယာစွန်းရောက် သမ္မတလောင်း ဖလာဗီယို ဘိုဆိုနာရိုကို ထောက်ခံမှုပြုရန်အတွက် ဘရာဇီးသို့ သွားရောက်လည်ပတ်စဉ်အတွင်း အာဂျင်တီးနားသမ္မတ ဂျာဗီယာ မီလီက ဘရာဇီးသမ္မတ လူးဝစ် အင်နာစီယို လူလာ ဒါ ဆေးလ်ဗာအား “တရားခံ” နှင့် “သူခိုး” ဟု ခေါ်ဆိုပြောကြားမှုပြုခဲ့ပြီး နောက်တွင် ဘရာဇီးအစိုးရက အာဂျင်တီးနားနိုင်ငံဆိုင်ရာ ဘရာဇီး သံအမတ်ကြီးကို ဇူလိုင်လ ၂၆ ရက် တွင် ပြန်လည်ခေါ်ယူခဲ့ကြောင်း သိရသည်။
ဘရာဇီးနိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်ရာတွင် “နိုင်ငံပိုင်နက်အတွင်း နိုင်ငံခြား သမ္မတ တစ်ဦးအနေနှင့် နိုင်ငံတော်အကြီးအကဲ၊ တရားစီရင်ရေးအပါအဝင် ဒီမိုကရေစီအဖွဲ့အစည်း များနှင့် ဘရာဇီးပြည်သူများကို စော်ကားမှုများနှင့် ပြစ်မှုကျူးလွန်မှုများ ပြုလုပ်သည့် အစဉ်အလာ မရှိပါ” ဟု ပြောကြားခဲ့သည်။
ထိုစော်ကားမှုများကို ဆွေးနွေးရန် အာဂျင်တီးနားသံအမတ်ကြီးကို ဘရာဇီးအစိုးရက ဆင့်ခေါ်ခဲ့ ကြောင်း ဘရာဇီးသံတမန်သတင်းရင်းမြစ်တစ်ခုက AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။
အာဂျင်တီးနားသမ္မတ လွတ်လပ်မှုကိုလိုလားသူဝါဒီဖြစ်သည့် ဂျာဗီယာ မီလီက ဇူလိုင်လ ၂၅ ရက်တွင် ဘရာဇီးနိုင်ငံ၊ ဆောပေါလိုမြို့သို့ သွားရောက်ခဲ့ကာ သမ္မတရွေးကောက်ပွဲတွင် လက်ရှိသမ္မတလူလာနှင့် ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ထားသော သမ္မတလောင်း ဖလာဗီယို ဘိုဆိုနာရို၏ နိုင်ငံရေးဆိုင်ရာ အခမ်းအနားတစ်ခုသို့ တက်ရောက်ခဲ့သည်။ ဖလာဗီယို ဘိုဆိုနာရို က ဘရာဇီးနိုင်ငံ၏ လက်ယာစွန်းရောက် သမ္မတဟောင်း ဂျိုင်ယာ ဘိုဆိုနာရို၏ သားလည်းဖြစ်သည်။
ထိုအခမ်းအနားတွင် မိန့်ခွန်းပြောကြားရာ၌ မီလီ က ဘရာဇီး၏ လက်ဝဲယိမ်း လက်ရှိသမ္မတအား အမည်ကို တိတိကျကျ မဖော်ပြခဲ့သော်လည်း “တရားခံ”၊ “ဥပဒေချိုးဖောက်သည့် ဆိုးသွမ်းသူ” နှင့် “သူခိုး” ဟု ရည်ညွှန်း ခေါ်ဆိုခဲ့သည်။
၎င်းက ဘရာဇီး တရားရုံးချုပ်တရားသူကြီး အလက်ဇန်းဒါးဒီ မိုရေးကိုလည်း အမည်ဖြင့် မပြောကြား သော်လည်း ခေါင်းပြောင်ပြောင်နဲ့ တန်ဖိုးမရှိတဲ့လူ ဟု ရည်ညွှန်းပြောဆိုခဲ့ပြန်သည်။
ဘရာဇီးနိုင်ငံ ပြည်ထောင်စုတရားရုံးချုပ် ဥက္ကဋ္ဌ ဝန်ကြီး အက်ဆန် ဖာချင်က မီလီ၏ မှတ်ချက်များသည် “နိုင်ငံ၏ အမြင့်ဆုံးတရားရုံး၏ တရားသူကြီးတစ်ဦးကို ဘရာဇီးမြေပေါ်တွင် မလေးမစား ရည်ညွှန်း ပြုလုပ်ခြင်း” ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အာဂျင်တီးနား သမ္မတဟောင်း အယ်လ်ဘာတို ဖာနန်ဒက်ဇ် ကလည်း ဇူလိုင်လ ၂၅ ရက်က လူမှုကွန်ရက် X တွင် မီလီ၏ စော်ကားမှုများကို ဖော်ထုတ်သည့် ဗီဒီယိုတစ်ခု တင်ခဲ့သည်။ ၎င်းက “မီလီဟာ ဘရာဇီး ကို အရူးတစ်ယောက်လို အော်ဟစ်ပြီး အာဏာသိမ်းရန် ကြံစည်သူတစ်ဦးကို ထောင်ထဲတွင် တွေ့လိုကြောင်းပင် တောင်းဆိုခဲ့သည်” ဟု ရေးသားခဲ့သည်။ “ညီအစ်မနိုင်ငံ၏ သမ္မတနှင့် ကျွန်ုပ်တို့၏ အဓိက ကုန်သွယ်ဖက်ကို စော်ကားခြင်းက ခွင့်လွှတ်၍မရပါ။” ဟုလည်း ၎င်းက ဆိုခဲ့သည်။
ထို့ပြင်၊ နောက်နှစ် အထွေထွေရွေးကောက်ပွဲတွင် အလားအလာရှိသော ကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်သည့် ဗျူနိုအေရီးစ် ပြည်နယ်အုပ်ချုပ်ရေးမှူး အေဆယ်လ် ကီစီလော့ဖ်က ဘရာဇီးနိုင်ငံခြားရေးဝန်ကြီး မော်ရို ဗီရာ နှင့် ဆက်သွယ်ခဲ့ကြောင်း X တွင် ဇူလိုင် ၂၆ ရက်က ကြေညာခဲ့ပြီး မီလီသည် အာဂျင်တီးနားပြည်သူများ၏ ခံစားချက်များကို ကိုယ်စားမပြုကြောင်း” ပြောကြားခဲ့သည်။
၎င်းက သမ္မတ မီလီသည် ဘရာဇီးအစိုးရ၊ ၎င်း၏သမ္မတနှင့် တစ်နိုင်ငံလုံးကို စော်ကားပြောဆိုသည်ကို အလွန်ရှက်ရွံ့စွာ ကြည့်ရှုခဲ့ကြောင်း ပြောကြားခဲ့သည်။ ဗျူနိုအေရီးစ်ပြည်နယ်မှ ကျွန်ုပ်တို့ အာဂျင်တီးနားပြည်သူများက ၎င်း၏ညီအစ်မနိုင်ငံများကို လေးစားပြီး ဒေသတွင်းပေါင်းစည်းရေးအတွက် ကတိကဝတ်ပြုထားကြောင်း ကျွန်ုပ်တို့ ဆက်လက်ထိန်းသိမ်းထားပါသည်” ဟု ပြောကြားခဲ့သည်။
Ref- AFP
