ပုံစာ။ NSPNC နှင့် TNLA တို့ တွေ့ဆုံဆွေးနွေးမှုပုံရိပ်။
နေမိုး
၂၄. ၇. ၂၀၂၆
နေပြည်တော်မှာ ကျင်းပပြုလုပ်နေတဲ့ အစိုးရရဲ့ ရက် (၁၀၀) ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို “ဝ” လက်နက်ကိုင် UWSA တပ်ဖွဲ့ကလည်း တက်ရောက်သွားမှာဖြစ်တယ်လို့ UWSA ထိန်းချုပ်မီဒီယာ Wa News Land – WNL က ဒီနေ့ဖော်ပြပါတယ်။
ဒီဆွေးနွေးပွဲကို လာမယ့်သြဂုတ်လ အစောပိုင်းထဲ ပြုလုပ်သွားဖို့ရှိပြီး ရက်အတိအကျကိုတော့ မသိရဘူးလို့ ဆိုထားပြီး “ဒီဆွေးနွေးပွဲကို ဖိတ်တာကတော့ သူတို့ပန်ဆန်းမှာ အစည်းအဝေးလာကတည်းက ဖိတ်ခေါ်တာပါ။ ဘယ်အချိန် တက်ဖြစ်မလဲဆိုတာကတော့ မသိရသေးပါဘူး”လို့လည်း WNL သတင်းရင်းမြစ်က ပြောတာကို ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းထဲမှာ ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂ ရက်က အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခံခဲ့ရတဲ့ တအာင်းလက်နက်ကိုင် TNLA ဟာ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နဲ့ တွေ့ဆုံဆွေးနွေးအပြီးမှာ “ဝ”လက်နက်ကိုင် UWSA အပြင် ကိုးကန့်တရုတ်လက်နက်ကိုင် MNDAA အဖွဲ့ကလည်း အဆိုပါဆွေးနွေးပွဲကို တက်ရောက်သွားမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
နိုင်ငံတော်သမ္မတ ဦးဆောင်တဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီဟာ ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရာမှာ လက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းဖို့နဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ အထူးလိုအပ်တယ်လို့ ယုံကြည်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ တည်ငြိမ်အေးချမ်းရေးအတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့ ကြိုတင်ကန့်သတ်ချက်မထားတဲ့ ဆွေးနွေးပွဲတွေ ဖိတ်ခေါ်ခဲ့အပြီးမှာ ငြိမ်းချမ်းရေး ရရှိဖို့အတွက် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ဟာ NCA လက်မှတ်ထိုးထားတဲ့အဖွဲ့တွေ၊ NCA လက်မှတ်ထိုးမထားတဲ့အပြင် အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ခံထားရဆဲအဖွဲ့တွေနဲ့ပါ တွေ့ဆုံဆွေးနွေးလာခဲ့တာ ဖြစ်ပါတယ်။
ပုံစာ။ NSPNC နှင့် TNLA တို့ တွေ့ဆုံဆွေးနွေးမှုပုံရိပ်နှင့် လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သည့် ဆွေးနွေးပွဲမှတ်တမ်းများ ပုံရိပ်။





