၂၄.၇.၂၀၂၆
Written by Linn Eain
MSME ဒီဂျစ်တယ်ချေးငွေ လျှောက်ထားခြင်းဆိုင်ရာ အက်ပလီကေးရှင်း (MSME Digital Lending Application) တည်ဆောက်နိုင်ရေးညှိနှိုင်းဆွေးနွေးပွဲကို စက်မှုနှင့်အသေးစား၊ အငယ်စား၊ အလတ်စားနှင့်စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနအစည်းအဝေးခန်းမတွင် ဇူလိုင် ၂၃ ရက်က ကျင်းပခဲ့ပြီး အဆိုပါအက်ပလီကေးရှင်း အကောင်အထည်ဖော်ရေးကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ ညှိနှိုင်းဆွေးနွေးပွဲတွင် MSME ဒီဂျစ်တယ်ချေးငွေလျှောက်ထားခြင်းဆိုင်ရာ အက်ပလီကေးရှင်း(MSME Digital Lending Application) သည် လုပ်ငန်းရှင်များအတွက် ငွေကြေးအရင်းအနှီးလိုအပ်ချက်ကို အချိန်တိုအတွင်း မြန်ဆန်စွာဖြည့်ဆည်းပေးနိုင်မည့် အဓိကပေါင်းကူးတံတားတစ်ခုဖြစ်လာမည်ဟု စက်မှုနှင့်အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ပြောကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အဓိကလိုအပ်ချက်များစွာရှိသည့်အနက် “ငွေကြေးအရင်းအနှီးများ လွယ်ကူမြန်ဆန်စွာ လက်ဝယ်ရောက်ရှိရေး”သည် မရှိမဖြစ်လိုအပ်သော အသက်သွေးကြောတစ်ခုဖြစ်ကြောင်း ယင်းကြောင့် ခေတ်မီနည်းပညာ ဒီဂျစ်တယ်စနစ်အသုံးပြုပြီး စာရွက်စာတမ်းအနည်းဆုံးဖြင့် စိစစ်နိုင်မည့် Paperless စနစ်သို့ မဖြစ်မနေကူးပြောင်းအကောင် အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယခု MSME Digital Lending Application ကို အကောင်အထည်ဖော်အသုံးပြုခြင်းဖြင့် ယခင်က ရက်သတ္တပတ်ပေါင်းများစွာ (သို့မဟုတ်) လပေါင်းများစွာ ကြာမြင့်ခဲ့သည့် စိစစ်မှုလုပ်ငန်းစဉ်များကို အချိန်တိုအတွင်း မိနစ်ပိုင်း(သို့မဟုတ်) ရက်အနည်းငယ်အတွင်း ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် ဆွေးနွေးပွဲတက်ရောက်လာသူများက MSME ဒီဂျစ်တယ်ချေးငွေ အက်ပလီကေးရှင်း အကောင်အထည်ဖော်ရေး၊ Digital Application ၏ Scope သတ်မှတ်ခြင်း၊ အချက်အလက် ချိတ်ဆက်ဆောင်ရွက်နိုင်မှု၊ Data အချက်အလက်လုံခြုံရေး၊ နည်းပညာစံနှုန်းများနှင့် ဒေသန္တရ အခန်းကဏ္ဍပိုင်းတို့ကို ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အစည်းအဝေးသို့ ဒုတိယဝန်ကြီး ဦးသွင်အောင်နှင့် ဒေါက်တာအောင်ဇေယျ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့၊ မြန်မာ့စီးပွားရေးဘဏ်နှင့် ပုဂ္ဂလိကဘဏ်အသီးသီးမှ တာဝန်ရှိသူများ၊ နည်းပညာတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံဘဏ်များအသင်း၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်(MCF)၊ မြန်မာနိုင်ငံဒီဂျစ်တယ်စီးပွားရေးဆိုင်ရာလုပ်ငန်းရှင်အသင်း(MDEA)နှင့် အသင်းအဖွဲ့များမှ ဘာသာရပ်ဆိုင်ရာပညာရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
