၂၄.၇.၂၀၂၆
Written by Linn Eain
အမှတ်(၃) အဆန် ရန်ကုန်-မန္တလေး DEMU ရထားပေါ်တွင် ကွမ်းတံတွေးများပေကျံစေခြင်းအပါအဝင် စည်းကမ်းမဲ့ လုပ်ဆောင်ခဲ့သည့် ခရီးသည် အမျိုးသမီး (၄) ဦးအား ဇူလိုင် ၂၃ ရက်က ပျဉ်းမနားမြို့မရဲစခန်းတွင် ရထားဥပဒေဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
ထိုသို့ အရေးယူခံရသူများမှာ ဇူလိုင် ၂၀ ရက်၊ နံနက် ၁၁ နာရီခွဲက ပျဉ်းမနားဘူတာသို့ ဆိုက်ရောက်လာသည့် အမှတ် (၃) အဆန် ရန်ကုန်-မန္တလေး DEMU ရထား၏ အထက်တန်းတွဲ(၁)၊ ခုံအမှတ် 3A, 3B, 4A, 4B တွင် လိုက်ပါစီးနင်းခဲ့ကြသည့် ခရီးသည်အမျိုးသမီး (၄) ဦးဖြစ်ကြောင်း သိရသည်။
“ရထားပေါ်မှာ ခရီးသည် အမျိုးသမီး ၄ ဦးရဲ့ ကိစ္စနဲ့ ပတ်သက်လို့ အမှုဖွင့် အရေးယူထားတာ သိရှိထားပါတယ်။ မြို့နယ်ရဲစခန်းက အမှုဖွင့် အရေးယူတာလို့ သိရပါတယ်” ဟု မြန်မာ့မီးရထားမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
အဆိုပါ အမျိုးသမီး (၄) ဦးသည် ရထားပေါ်တွင် ကျယ်လောင်စွာ စကားပြောခြင်း၊ ကွမ်းစားပြီး ကွမ်းယာပြင်ဆင်ခြင်း၊ ထိုင်ခုံအစွပ်များတွင် ကွမ်း/ ထုံးနှင့် ကွမ်းတံတွေးများအား ပေကျံစေခြင်း၊ ပတ်ဝန်းကျင်အား ညစ်ပတ်အောင်ပြုလုပ်ခြင်းများအပြင် ကွမ်းတံတွေးထည့်ထားသည့် ဘူးများကိုလည်း မန္တလေးဘူတာရောက်ရှိပြီး ရထားပေါ်မှဆင်းသည့်အချိန်ထိ မရှင်းလင်းဘဲထားခဲ့ခြင်းနှင့် ရထားဝန်ထမ်းများမှ တွေ့မြင်ခဲ့သော်လည်း တားမြစ်ခြင်း၊ သတိပေး ခြင်းမျိုးမရှိခဲ့ကြောင်း၊ စည်းကမ်းဖောက်ဖျက်သူများအား မြန်မာ့မီးရထားတာဝန်ရှိသူများအနေဖြင့် အရေးယူပေးစေလိုကြောင်း Khin Maung အမည်ဖြင့် Tik Tok အကောင့်တွင် ရေးသားဖော်ပြပါရှိလာခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့ဖော်ပြခဲ့မှုအပေါ် ရထားရဲတပ်ဖွဲ့မှ စုံစမ်းခဲ့ရာ ပျဉ်းမနားမြို့နယ်နေသူများဖြစ်ကြပြီး ပျဉ်းမနားမြို့မရဲစခန်းတွင် (ပ)အမှတ် ၂၃၃/၂၀၂၆၊ ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေ ပုဒ်မ ၈၈(က)အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။
