၂၄.၇.၂၀၂၆
Written by Linn Eain
နိုင်ငံ့ဝန်ထမ်း ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့် ဆရာဝန်ရာထူး ၁၆၀ နေရာနှင့် ဆရာဝန်(သွားနှင့် ခံတွင်း) ၄၂ နေရာအတွက် လျှောက်ထားသူများအား ပြည်ထောင်စုရာထူးဝန်အဖွဲ့ ရုံးအမှတ် (၁၇)တွင် ရေးဖြေနှင့် လူတွေ့စစ်ဆေးမှုများကို ဇူလိုင် ၂၂ ရက်မှ ၂၄ ရက်အထိ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ကြော်ငြာစာအမှတ် (၂/၂၀၂၆) ဖြင့် ကြော်ငြာထားသည့် ပို့ဆောင်ရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီတို့တွင် လစ်လပ်လျက်ရှိသော ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့် ဆရာဝန်ရာထူး ၁၆၀ နေရာနှင့် ဆရာဝန်(သွားနှင့်ခံတွင်း) ရာထူး ၄၂ နေရာအတွက် လျှောက်ထားသူ ၁၄၂ ဦးအား စစ်ဆေးမှုများပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးတင်မောင်ဝင်းသည် ပြည်ထောင်စုရာထူးဝန်အဖွဲ့ရုံးတွင် စစ်ဆေးနေမှုများသို့ ဇူလိုင် ၂၃ ရက်၊ နံနက်ပိုင်းက လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး စာမေးပွဲဖြေဆိုရန် ရောက်ရှိနေသူများအား နှုတ်ဆက်အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။
စာမေးပွဲဖြေဆိုသူများကို စိတ်အခြေအနေစစ်ဆေးရေးအဖွဲ့များက ရေးဖြေနှင့် လူတွေ့စိတ်စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်များနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ကျွမ်းကျင်ပုဂ္ဂိုလ်များက လူတွေ့စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုရာထူးဝန်အဖွဲ့အနေဖြင့် လက်ထောက်ဆရာဝန်ရာထူးနေရာနှင့် လက်ထောက်ဆရာဝန်(သွားနှင့်ခံတွင်း) ရာထူးနေရာတွင် ခန့်ထားရန်အတွက် ပြန်တမ်းဝင်အဆင့် စတင်ခန့် အရာထမ်းရာထူးများကို နှစ်စဉ်ကြော်ငြာခေါ်ယူ၍ စနစ်တကျရွေးချယ်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် ပြည်သူ့ကျန်းမာရေးကဏ္ဍအတွက် လိုအပ်သော လူ့စွမ်းအားအရင်းအမြစ်များ မြှင့်တင်ခန့်ထားရေးအတွက် ရွေးချယ်ရေးလုပ်ငန်းစဉ်များအတိုင်း ဆောင်ရွက်လျက်ရှိကြောင်းနှင့် ကျန်ရှိသော စိတ်အခြေအနေနှင့် လူတွေ့စစ်ဆေးခြင်းလုပ်ငန်းများကိုလည်း သတ်မှတ်ထားသည့်အတိုင်း ဆက်လက်စစ်ဆေးရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။
