



၂၃.၇.၂၀၂၆
Translated by Htwe Ko Tun
ပီရူးနိုင်ငံ မြို့တော်လီမာမြို့တွင် လာ ဗစ်တိုရီးယာ (La Victoria) ခရိုင်ရှိ အိမ်တစ်လုံး၌ ဇူလိုင်လ ၂၂ ရက်၊ နံနက်အစောပိုင်းက မီးလောင်မှုတစ်ရပ်ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၀ ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
မီးလောင်မှုက မြို့တော်လီမာ၏ ဝင်ငွေနည်းရပ်ကွက်ရှိ မိသားစုအိမ်တစ်လုံးတွင် ဖြစ်ပွားခဲ့ပြီး ငွေညှစ်သူများက စတင်ခဲ့သည်ဟု သတင်းများထွက်ပေါ်လာခဲ့သည်။စုံစမ်းစစ်ဆေးသူများက မီးလောင်မှု၏ အစ၊ အခြေအနေများနှင့် အကြောင်းရင်းများကို ဆုံးဖြတ်ရန် ကြိုးစားနေကြကြောင်း သိရသည်။
သေဆုံးသူများ၏ ဆွေမျိုးများက သေဆုံးသူများအနက် ငါးဦးသည် အရွယ်ရောက်ပြီးသူများဖြစ်ပြီး ကျန် ငါးဦးသည် ကလေးများဖြစ်ကြောင်း ပြောခဲ့ကြသည်။ INDECI မြို့ပြ ကာကွယ်ရေးဌာနက လူမှုမီဒီယာပို့စ်တစ်ခုတွင် ရေးသားခဲ့သော ဖြစ်ရပ်တွင် နောက်ထပ် နှစ်ဦး ဒဏ်ရာရရှိခဲ့သည်။
ပီရူးသတင်းဌာန El Comercio က မီးသတ်တပ်ဖွဲ့ ကိုးဖွဲ့က မီးတောက်များကို ငြှိမ်းသတ်ရန် အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိလာခဲ့ကြောင်းနှင့် မီးက မီးလောင်လွယ်သောပစ္စည်းများနှင့် အိမ်အပြင်ဘက်တွင် ရပ်ထားသော ယာဉ်များကြောင့် အလျင်အမြန်ပျံ့နှံ့သွားကြောင်း ပြောခဲ့သည်။
ပီရူးနိုင်ငံ၏ ရွေးကောက်ခံသမ္မတ ကီကို ဖူဂျီမိုရီက မီးလောင်အပျက်အစီးများရှိရာနေရာသို့ ဇူလိုင်လ ၂၂ ရက်က သွားရောက်ခဲ့ပြီး ကြောက်မက်ဖွယ်ကောင်းသော အစုလိုက်အပြုံလိုက် သေဆုံးမှုများဟု ခေါ်ဆိုခဲ့သည်။
“လူတွေ တောင်းဆိုနေတာက တရားဥပဒေစိုးမိုးရေးနဲ့ လုံခြုံရေးပါ။ အဲဒါက ကျွန်မတို့ ရှေ့အပတ်မှာ ပထမဆုံး လုပ်ဆောင်မယ့်အရာပါ” ဟု သူမက သတင်းထောက်များကို ပြောကြားခဲ့သည်။
အာဏာပိုင်များက “မီးလောင်မှု၏ မူလအစ၊ အခြေအနေများနှင့် မီးလောင်မှု၏ အကြောင်းရင်းများကို ဆုံးဖြတ်ရန် စုံစမ်းစစ်ဆေးမှုတစ်ခု စတင်လိုက်ပြီ” ဟု ရဲမှူးကြီး အော်စကာ အရီအိုလာက မီဒီယာများကို ပြောကြားခဲ့သည်။
ဒေသခံမီဒီယာများ၏ ဖော်ပြချက်အရ ဒေသခံစီးပွားရေးလုပ်ငန်းများကို ခြိမ်းခြောက်နေသော ငွေညှစ်သူများက မီးကို စတင်မီးရှို့ခဲ့ခြင်းဖြစ်သည်။
စုံစမ်းစစ်ဆေးမှုကို ဦးဆောင်နေသော ဗိုလ်မှူးကြီး ဂျွန်လူဂျန်က ငွေညှစ်မှုနှင့်ဆက်စပ်နေခြင်းက ဖြစ်နိုင်ချေရှိသည့် အကြောင်းရင်းများထဲမှ တစ်ခုဖြစ်သည်ဟု ပြောကြားခဲ့သည်။
Ref- AFP
