သက်တံ့
၂၃. ၇. ၂၀၂၆
ထိုင်းနိုင်ငံသည် ယာဉ်အိုယာဉ်ဟောင်း ၈၀,၀၀၀ အထိကို လျှပ်စစ်ဓာတ်အားသုံးယာဉ်များ (EV/ အီးဗီ) ဖြင့် အစားထိုးရန် ဘတ် ၂၄ ဘီလီယံ (စင်ကာပူဒေါ်လာ ၉၂၀ သန်း) သုံးစွဲမည့် စီမံကိန်းကို ပြန်လည်သုံးသပ်နေပြီး စွမ်းအင် အကူးအပြောင်း ကြိုးပမ်းမှု၏ အစိတ်အပိုင်းအဖြစ် ယင်းအစီအစဉ်ကို အီးဗီ ဝယ်ယူမှု အမျိုးအစား အားလုံးအထိ တိုးချဲ့သင့်၊ မသင့် ပို့ဆောင်ရေးဝန်ကြီးဌာနက ဆန်းစစ်လျက်ရှိသည်။
ပုံမှန် သာမန်စက်သုံးဆီသုံး ယာဉ်အို သောင်းပေါင်းများစွာကို အီးဗီများဖြင့် အစားထိုးခြင်းသည် ကျဆင်းနေသည့် ထိုင်းနိုင်ငံ၏ မော်တော်ယာဉ် စက်မှုကဏ္ဍကို မြှင့်တင်ပေးနိုင်မည် ဖြစ်သည်။ ထိုင်းနိုင်ငံသည် အရှေ့တောင်အာရှ၏ အကြီးမားဆုံး မော်တော်ယာဉ် ထုတ်လုပ်မှု ဗဟိုချက်ဖြစ်သော်လည်း အိမ်ထောင်စု ကြွေးမြီမြင့်မားခြင်းနှင့် ချေးငွေ စည်းမျဉ်းများ တင်းကြပ်ခြင်းတို့ကြောင့် အထူးသဖြင့် ဈေးကွက်၏ အဓိကကဏ္ဍဖြစ်သော ပစ်ကပ်ကား ဝယ်လိုအား အပါအဝင် ပြည်တွင်း ယာဉ်ရောင်းချရမှုမှာ ၂၀၂၄ ခုနှစ်တွင် ၁၅ နှစ်အတွင်း အနိမ့်ဆုံးအဆင့်သို့ ထက်ဝက်နီးပါး ထိုးဆင်းသွားခဲ့သည်။
ပြီးခဲ့သည့် ဇွန်လက အစိုးရကော်မတီသို့ တင်ပြခဲ့သည့် မူလအဆိုပြုချက်မှာ တက္ကစီများ၊ ဆိုင်ကယ်တက္ကစီများ၊ တုတ်တုတ် (Tuk-Tuk) သုံးဘီးများ၊ ဘတ်စ်ကားများနှင့် ကုန်တင်ကားများ အပါအဝင် လုပ်ငန်းသုံး သယ်ယူပို့ဆောင်ရေး ယာဉ်များကို အီးဗီများနှင့် အစားထိုးလဲလှယ်ရန် ပစ်မှတ်ထားခဲ့ခြင်း ဖြစ်ကြောင်း ထိုင်းပို့ဆောင်ရေး ဒုတိယဝန်ကြီး သီရိဖုန်း အန်းကဆာကွန်ကီးယက် (Siripong Angkasakulkiat) က ရိုက်တာသတင်းဌာနသို့ လွန်ခဲ့သည့် သီတင်းပတ်က ဖုန်းဖြင့် ဖြေကြားခဲ့သည်။
“ကျွန်တော်တို့အနေနဲ့ အကူအညီတွေကို သယ်ယူပို့ဆောင်ရေး လုပ်ငန်းသုံး ယာဉ်တွေတင်မကဘဲ ယာဉ်အမျိုးအစား အားလုံးအထိ တိုးချဲ့ပေးသင့်သလားဆိုတာကို ပြန်လည်စဉ်းစားနေပါတယ်” ဟု သီရိဖုန်းက ပြောကြားခဲ့သည်။
အစိုးရ၏ ဘတ် ဘီလီယံ ၄၀၀ အရေးပေါ် ချေးငွေရယူရေး စီမံကိန်းသည် ဥပဒေနှင့် ညီညွတ်ကြောင်း ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ဇူလိုင်လအတွင်း ဆုံးဖြတ်ခဲ့ပြီးနောက် ပိုမိုသုံးစွဲနိုင်ရန် လမ်းပွင့်သွားခဲ့ရာ အဆိုပါ အစီအစဉ်ကို တိုးချဲ့ရေး ဆွေးနွေးပွဲများ ပိုမို မြန်ဆန်လာခဲ့သည်။ အဆိုပါ ချေးငွေစီမံကိန်းကို အစိုးရအဖွဲ့က မေလတွင် အတည်ပြုခဲ့သော်လည်း အတိုက်အခံ လွှတ်တော်အမတ်များက သီတင်းပတ်နှစ်ပတ်ခန့်အကြာတွင် ကန့်ကွက်လွှာ တင်သွင်းခဲ့ကြခြင်း ဖြစ်သည်။
ပို့ဆောင်ရေးဝန်ကြီးဌာနသည် အဆိုပါ အဆိုပြုချက်ကို ဘဏ္ဍာရေးဝန်ကြီးဌာနက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့် ကော်မတီသို့ တင်ပြခဲ့ပြီး သတ်မှတ်ထားသည့် သက်တမ်း ကန့်သတ်ချက်ပြည့်၍ အစားထိုးရန် လိုအပ်သည့် ပစ်မှတ်ထား ယာဉ်များအတွက် အီးဗီဝယ်ယူမှု ထောက်ပံ့ကြေးများ၊ အတိုးနှုန်းသက်သာသော ချေးငွေများနှင့် အခွန်ကင်းလွတ်ခွင့်များ စသည့် ပုံစံမျိုးစုံဖြင့် ထောက်ပံ့ပေးသွားနိုင်ကြောင်း သီရိဖုန်းက ဆိုသည်။
အဆိုပါ ကော်မတီသည် ချေးငွေစီမံကိန်းအောက်တွင် စီမံကိန်းများကို အတည်ပြုပေးရန်၊ ကူညီကယ်ဆယ်ရေး အစီအစဉ်များနှင့် စွမ်းအင် အကူးအပြောင်း ကာလ အထောက်အပံ့များကို ကြီးကြပ်ရန် တာဝန်ရှိသည်။
◾️ ပြည်တွင်းဖြစ် အီးဗီများအတွက် စက်မှုအသင်းအဖွဲ့များ တွန်းအားပေး
ထိုင်းစက်မှုလက်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် (FTI) ၏ အချက်အလက်များအရ ၂၀၂၅ ခုနှစ်တွင် ပြည်တွင်း၌ မော်တော်ယာဉ် ၆၂၁,၁၆၆ စီး ရောင်းချခဲ့ရပြီး ထိုအထဲတွင် လျှပ်စစ်ခရီးသည်တင်ကား (EV) ၁၂၀,၃၀၁ စီး ပါဝင်ခဲ့သည်။ ထို့ပြင် ၂၀၂၅ ခုနှစ်အတွင်း မော်တော်ဆိုင်ကယ် အစီးရေ ၁ ဒသမ ၇ သန်းခန့် ရောင်းချခဲ့ရသည်။
အစဉ်အဆက် ထိုင်းအစိုးရများသည် နိုင်ငံ၏ ဒေသတွင်း မော်တော်ယာဉ် ထုတ်လုပ်မှု အားထားရသူအဖြစ် ရပ်တည်ချက်ကို ထိန်းသိမ်းရန်အတွက် အခွန်ကင်းလွတ်ခွင့်များနှင့် အားပေးကူညီမှု ပုံစံမျိုးစုံဖြင့် အီးဗီ ထုတ်လုပ်မှုနှင့် အသုံးပြုမှုကို မြှင့်တင်ပေးခဲ့သည်။
ယနေ့အထိ အဆိုပါ ကြိုးပမ်းမှုများကြောင့် တရုတ်ကုမ္ပဏီများဖြစ်သည့် BYD နှင့် Great Wall Motor တို့ထံမှ ရင်းနှီးမြှုပ်နှံမှုများ အပါအဝင် အမေရိကန်ဒေါ်လာ ၄ ဘီလီယံကျော် ဆွဲဆောင်နိုင်ခဲ့သည်။ သို့သော် လက်ရှိ အီးဗီ မူဝါဒသည် ၂၀၂၇ ခုနှစ်တွင် ကုန်ဆုံးမည်ဖြစ်ရာ အကယ်၍ အစီအစဉ်သစ်များ မရှိပါက မော်တော်ယာဉ် စက်မှုကဏ္ဍမှာ ပြင်းထန်စွာ ကျဆင်းသွားနိုင်ကြောင်း မော်တော်ယာဉ် အသင်းအဖွဲ့များက သတိပေးထားသည်။
မည်သည့် အားပေးကူညီမှု သို့မဟုတ် အစီအစဉ်သစ်မဆို ပြည်တွင်း ထုတ်လုပ်သည့် အစိတ်အပိုင်း အများစုကို အသုံးပြုထားသော ပြည်တွင်းထုတ် အီးဗီများကိုသာ ပစ်မှတ်ထားသင့်ကြောင်း ထိုင်းစက်မှုလက်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် မော်တော်ယာဉ် စက်မှုကလပ် ပြောရေးဆိုခွင့်ရှိသူ သုရဖုန်း ပိုင်ဆစ်ပတ္တနာဖုန်း (Surapong Paisitpattanapong) က ပြောဆိုသည်။
“ပြည်တွင်းမှာ အီးဗီ ပိုထုတ်နိုင်လေလေ အလုပ်အကိုင်တွေ ပိုရလာမယ်၊ ဝင်ငွေပိုကောင်းလာမယ်၊ အခွန်ဘဏ္ဍာ ပိုရလာမယ်။ ဒါဟာ စီးပွားရေးလုပ်ငန်းတွေ၊ စားသုံးသူတွေနဲ့ အစိုးရအတွက် ဝင်းဝင်း (Win-Win) အခြေအနေ ဖြစ်ပါတယ်” ဟု သုရဖုန်းက ဖုန်းဖြင့် ပြောကြားခဲ့သည်။
အီးဗီ အဟောင်းပေး အသစ်ယူ (Trade-in) အစီအစဉ် မည်သည်မဆို ပြည်တွင်းထုတ် ယာဉ်များအတွက်သာ ဖြစ်သင့်ကြောင်း ထိုင်းလျှပ်စစ်ဓာတ်အားသုံး ယာဉ်များအသင်း ဒုတိယဥက္ကဋ္ဌ သယာမ်နတ် ပနတ်ဆွန် (Siamnat Panassorn) က ပြောသည်။
“ကျနော်တို့အနေနဲ့ အီးဗီ ဆိုင်ကယ်တွေနဲ့ အများပြည်သူသုံး ဘတ်စ်ကားတွေလို ပုံမှန်အားဖြင့် ကာဘွန်ထုတ်လွှတ်မှု များတဲ့ ယာဉ်တွေကို အဓိက တွန်းအားပေးချင်ပါတယ်” ဟု ၎င်းက ဆိုသည်။
◾️ တက္ကစီနှင့် ပစ်ကပ်ကားများအတွက် အစီအစဉ်များ
၂၀၂၇ ခုနှစ်တွင် သက်တမ်း ၁၀ နှစ်ပြည့်မည့် တက္ကစီယာဉ်များကို အစားထိုးမည့် ဒရိုင်ဘာများအတွက် ၁ ရက်လျှင် ပြန်ဆပ်ရသည့် ချေးငွေပမာဏကို ၅ နှစ်တာကာလအတွင်း ဘတ် ၇၀၀ ခန့်မှ ဘတ် ၅၀၀ သို့ လျှော့ချပေးမည့် အီးဗီ ဘဏ္ဍာရေး အထောက်အပံ့ကို အစိုးရက စဉ်းစားပေးလျက်ရှိကြောင်း သီရိဖုန်း၏ အဆိုအရ သိရသည်။
မီနီဘတ်စ်များ၊ ဗန်ကားများ၊ ဘတ်စ်ကားများ၊ တုတ်တုတ်များနှင့် အလေးချိန်မြင့် ကုန်တင်ယာဉ်များ အပါအဝင် အခြား အီးဗီ အမျိုးအစားများအတွက် အထောက်အပံ့များမှာမူ ကွဲပြားလိမ့်မည်ဟု ၎င်းက ဆိုသည်။
“ရည်မှန်းချက်ကတော့ သန့်ရှင်းပြီး ဘေးကင်းတဲ့ နည်းပညာကနေတစ်ဆင့် အများပြည်သူကို အကျိုးပြုရင်း ယာဉ်အမျိုးအစား အားလုံးမှာ အီးဗီ အသုံးပြုမှုကို အားပေးဖို့ဖြစ်ပါတယ်” ဟု သီရိဖုန်းက ပြောသလို “ဒီနှစ်ထဲမှာ တစ်ခုခုတော့ သေချာပေါက် ပေါ်ထွက်လာမှာပါ။ ဒါပေမဲ့ အသေးစိတ်အချက်အလက်တွေကို အရင်ဆုံး အချောသပ်ဆွေးနွေးဖို့ လိုပါတယ်” ဟု ၎င်းက ဆိုပြီး အဆိုပါ ဆွေးနွေးမှုများမှာ နောက်ထပ် တစ်လခန့် ဆက်လက်ပြုလုပ်သွားမည်ဟု မျှော်လင့်ရကြောင်း ဖြည့်စွက်ပြောကြားသည်။
အဆိုပါ အစီအစဉ်သည် အတိုးနှုန်းသက်သာသော ချေးငွေများနှင့် ထောက်ပံ့ကြေးများမှတစ်ဆင့် အီးဗီ ပစ်ကပ်ကား သစ်များ ဝယ်ယူခြင်း၊ အစားထိုးခြင်းနှင့် B20 ဇီဝဒီဇယ် (Biodiesel) သုံးစွဲနိုင်သည့် မော်ဒယ်များသို့ ပြောင်းလဲခြင်းတို့ကိုပါ ကူညီပေးသွားမည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီး ဧကနီတီ နိသီထန်ပရာပတ် (Ekniti Nitithanprapas) က လွန်ခဲ့သည့်သီတင်းပတ်တွင် ပြောကြားခဲ့သည်။
ပစ်ကပ်ကားများသည် ထိုင်းနိုင်ငံ မော်တော်ယာဉ် စက်မှုလုပ်ငန်း၏ ပင်မကျောရိုးဖြစ်ပြီး စုစုပေါင်း မော်တော်ယာဉ် ထုတ်လုပ်မှု၏ ၆၀ ရာခိုင်နှုန်းကျော်ကို တာဝန်ယူထားကာ ပြည်တွင်း ပစ္စည်းထောက်ပံ့သူများ၊ ထုတ်လုပ်မှု အလုပ်အကိုင်များနှင့် အပိုပစ္စည်း ထုတ်လုပ်ရေးကွန်ရက်ကြီးကို အထောက်အကူပြုလျက်ရှိသည်။
Ref: Reuters
