သက်တံ့
၂၂. ၇. ၂၀၂၆
အမေရိကန်သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့အကြား ထိပ်သီးအစည်းအဝေး ဖြစ်မြောက်လာနိုင်ခြေ မတိုင်မီ ယခုသီတင်းပတ်အတွင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုသည် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် တွေ့ဆုံမည်ဖြစ်ပြီး သမ္မတ ထရမ့်ပ်ကမူ အမေရိကန်ရွေးကောက်ပွဲတွင် စွက်ဖက်သည်ဆိုသော သံသယများအတွက် တရုတ်နိုင်ငံအား စိုးရိမ်ပူပန်မှုများ ထုတ်ဖော်ပြောဆိုသွားမည်ဟု ဆိုသည်။
အာဆီယံ ၁၁ နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများနှင့် အဓိက မိတ်ဖက်နိုင်ငံများသည် ကမ္ဘာ့ရေးရာကိစ္စရပ်များကို ဆွေးနွေးရန် ရောက်ရှိနေသည့် မနီလာမြို့တွင် ရူဘီယိုနှင့် ဝမ်ယိတို့ တွေ့ဆုံကြမည်ဟု အမေရိကန်နိုင်ငံခြားရေးဌာန တာဝန်ရှိသူတစ်ဦးက အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။
ရူဘီယိုနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးတို့၏ တွေ့ဆုံမှုသည် လွန်ခဲ့သည့် မေလက သမ္မတ ထရမ့်ပ်နှင့် သမ္မတ ရှီကျင့်ဖျင်တို့ တွေ့ဆုံခဲ့ပြီးနောက် ဒုတိယအကြိမ် ထိပ်သီးအစည်းအဝေးအတွက် ပြင်ဆင်မှုများကို အဓိကထား ဆွေးနွေးဖွယ်ရှိကြောင်း လေ့လာသုံးသပ်သူများက ပြောဆိုထားသည်။
သမ္မတ ရှီကျင့်ဖျင်သည် စက်တင်ဘာလကုန်တွင် အမေရိကန်သို့ လာရောက်မည်ဟု ထရမ့်ပ်က ပြောဆိုထားပြီး ရူဘီယိုကလည်း အဆိုပါ ထိပ်သီးအစည်းအဝေးကို မျှော်လင့်ထားဆဲဖြစ်ကြောင်း တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။ တရုတ်နိုင်ငံဘက်ကမူ သမ္မတ ရှီကျင့်ဖျင်၏ ဝါရှင်တန်ခရီးစဉ်ကို အတည်မပြုရသေးပေ။
“သူတို့ မလာစရာအကြောင်း မရှိပါဘူး။ ဒါဟာ အရေးကြီးပါတယ်” ဟု အာဆီယံအစည်းအဝေးသို့ မထွက်ခွာမီ ရူဘီယိုက သတင်းထောက်များကို ပြောကြားခဲ့သည်။
ကမ္ဘာ့အင်အားကြီးနှစ်နိုင်ငံအကြား ထိလွယ်ရှလွယ်ရှိသော ယာယီစစ်ပြေငြိမ်းမှုသည် ပြီးခဲ့သည့်သီတင်းပတ်က အမေရိကန်ရွေးကောက်ပွဲတွင် တရုတ်၏ စွက်ဖက်မှုများရှိကြောင်း ထရမ့်ပ်၏ တစ်ကျော့ပြန် စွပ်စွဲချက်များကြောင့် ရှုပ်ထွေးသွားနိုင်ပြီး ပေကျင်းဘက်ကမူ အဆိုပါစွပ်စွဲချက်များကို ငြင်းဆိုထားသည်။
အမေရိကန်နှင့် တရုတ်တို့အကြား တင်းမာနေသော ဆက်ဆံရေးသည် အောက်တိုဘာလက ထရမ့်ပ်နှင့် ရှီတို့ သဘောတူညီခဲ့သည့် ယာယီကုန်သွယ်ရေး စစ်ပြေငြိမ်းမှုအောက်တွင် တည်ငြိမ်လာခဲ့သော်လည်း အယူအဆကွဲလွဲမှုများမှာမူ လေ့လာသူအများအပြားက စစ်အေးတိုက်ပွဲ ပုံစံသစ်အဖြစ် မြင်တွေ့နေရသည့် အမေရိကန်-တရုတ် ဆက်ဆံရေး၏ အဓိကပြဿနာအဖြစ် ရှိနေဆဲဖြစ်သည်။
“ကျွန်တော်တို့ သဘောမတူနိုင်တဲ့ အရာတွေ အမြဲတမ်း ရှိနေမှာပါ။ ဒါပေမဲ့ ကျွန်တော်တို့လို အင်အားကြီးပြီး အရေးပါတဲ့ နိုင်ငံတွေအနေနဲ့ ဆက်လက်စကားပြောဖို့နဲ့ ဆက်ဆံရေးထိန်းသိမ်းဖို့ တာဝန်ရှိတယ်လို့ ထင်ပါတယ်” ဟု ရူဘီယိုက စနေ၊ တနင်္ဂနွေ အားလပ်ရက်အတွင်း ပြောကြားခဲ့သည်။
၂၀၂၁ ခုနှစ် အမေရိကန် ထောက်လှမ်းရေးအဖွဲ့၏ အကဲဖြတ်ချက်တွင် တရုတ် သို့မဟုတ် အခြားနိုင်ငံခြား အဖွဲ့အစည်းများသည် ၂၀၂၀ ပြည့်နှစ် အမေရိကန်သမ္မတရွေးကောက်ပွဲ မဲပေးမှု၏ “မည်သည့်နည်းပညာဆိုင်ရာ အပိုင်းကိုမှ” အပြောင်းအလဲလုပ်ရန် ကြိုးပမ်းခဲ့ခြင်း သို့မဟုတ် အောင်မြင်ခဲ့ခြင်း မရှိကြောင်း တွေ့ရှိခဲ့ရသည်။
ရွေးကောက်ပွဲ စွက်ဖက်မှု စွပ်စွဲချက်များနှင့် ပတ်သက်၍ ပေကျင်းအနေဖြင့် မည်သည့်အကျိုးဆက်များကို ရင်ဆိုင်ရနိုင်သနည်းဟု မေးမြန်းရာတွင် ထရမ့်ပ်က အဆိုပါကိစ္စကို တရုတ်ဘက်နှင့် ဆွေးနွေးသွားမည်ဖြစ်သော်လည်း အသေးစိတ်ကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိပေ။
“ကျွန်တော်တို့ သူတို့နဲ့ ဒီကိစ္စကို ဆွေးနွေးမှာပါ။ ဒါက ဟိုးယခင်ကတည်းက ဖြစ်ပျက်ခဲ့တာပါ။ ဒီနေ့ တရုတ်နိုင်ငံဟာ အရင်ကထက် နည်းနည်းတော့ ပြောင်းလဲသွားပြီလို့ ထင်ပါတယ်။ ဒါပေမဲ့ ကြည့်လေ၊ သူတို့ကလည်း အကွက်ရွှေ့သလို ကျွန်တော်တို့ဘက်ကလည်း ပြန်တုံ့ပြန်တာပါပဲ။ ဒါဟာ တစ်ဖက်သတ် သွားလို့ရတဲ့ လမ်းမှ မဟုတ်တာ။” ဟု ထရမ့်ပ်က အိမ်ဖြူတော်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။
Ref : Reuters Via Strait Times
