သတိုး
၂၂. ၇. ၂၀၂၆
မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် လာမည့် ဩဂုတ် ၆ ရက်နှင့် ၇ ရက်နေ့တို့တွင် ထိုင်းနိုင်ငံသို့ တရားဝင် ချစ်ကြည်ရေးခရီးစဉ် လာရောက်မည်ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး စီဟာဆက် ဖူအာကတ်ကောင်းက (Sihasak Phuangketkeow) က ယနေ့ ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။
အဆိုပါ ခရီးစဉ်အစီအစဉ်သည် ပြီးခဲ့သည့်သီတင်းပတ်က ထိုင်းနိုင်ငံတွင် ကျင်းပခဲ့သည့် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအတွင်း မြန်မာနိုင်ငံခြားရေးဝန်ကြီး၊ အတိုက်အခံအဖွဲ့များနှင့် သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့ကြပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။
ခရီးစဉ်အတွင်း မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ထိုင်းဝန်ကြီးချုပ် အနုတင် ချာန်ဗီရကူးလ် (Anutin Charnvirakul) နှင့် တွေ့ဆုံရန် စီစဉ်ထားသည်။
“ကျွန်တော့်မှာ မျှော်လင့်ချက်တွေ ရှိတာအမှန်ပါပဲ။ ဒါပေမဲ့ လက်တွေ့ကျဖို့တော့ လိုပါတယ်။ အနာဂတ်အတွက် ဆက်လက်ခြေလှမ်းလှမ်းကြတာပေါ့” ဟု မြန်မာ့ရေးရာနှင့် ပတ်သက်၍ အေအက်ဖ်ပီ (AFP) သတင်းဌာနသို့ စီဟာဆက်က ပြောကြားခဲ့သည်။
ဦးမင်းအောင်လှိုင်သည် ယခုနှစ်ဧပြီလတွင် ပြည်ထောင်စုလွှတ်တော်က နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ပြီးနောက် အိမ်နီးချင်းအင်အားကြီးနိုင်ငံများဖြစ်သည့် အိန္ဒိယနိုင်ငံသို့ အလုပ်သဘောခရီးစဉ်၊ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် သွားရောက်ခဲ့သလို အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်သော လာအိုနိုင်ငံသို့လည်း နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေး ခရီးစဉ်များ သွားရောက်ခဲ့သည်ဟု သိရသည်။
