၂၂.၇.၂၀၂၆
Written by KL
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ကမ်းနားလမ်း၊ ချင်းတွင်းမြစ်အတွင်း မုံရွာသင်္ဘောကျင်းမှ အလုပ်သမားများ ရွာအပြန်တွင် စက်လှေမှောက်၍ အမျိုးသားငါးဦး ပျောက်ဆုံးမှု ဇူလိုင်လ ၂၀ ရက် မွန်းလွဲ ၁ နာရီခွဲခန့်က ဖြစ်ပွားခဲ့ကြောင်း မုံရွာမြို့နယ်မီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မုံရွာမြို့ဘက်မှ မုံရွာတစ်ဖက်ကမ်း ရေစကြိုမြို့ ဝါးကတောကျေးရွာသို့ ပြန်မည့် အမျိုးသား ၆ ဦး၊ အမျိုးသမီး ၁ ဦးလိုက်ပါလာသည့်စက်လှေတစ်စီးမှာ ရေစီးအတွင်း စက်ရပ်သွားပြီး ဆီတင်ဖလက် ၂ စီးကြားအောက်သို့ တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စက်လှေတိမ်းမှောက်မှုကြောင့် အသက် ၂၃ နှစ်အရွယ် ကိုဇင်မင်းထက်နှင့် အသက် ၁၆ နှစ်အရွယ် မမြယွန်းမှုံတို့မှာ အသက်ရှင်လွတ်မြောက်ခဲ့ပြီး ဦးနေလင်း၊ ဦးထွန်းဝင်း၊ ဦးကျော်၊ မျိုးထက်ဇော်၊ သန်းမင်းစိုးတို့မှာ ရေနစ်မြုပ်ကာ ပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။
ရေနစ်ပျောက်ဆုံးနေသူများကို သန္ဓေအရန် မီးသတ်တပ်ဖွဲ့ဝင် ၃၅ ဦး၊ မီးငြှိမ်းသတ်ယာဥ် နှစ်စီး၊ Speedboat ၂ စီး၊ မြန်မာနိုင်ငံလူမှုကူညီကယ်ဆယ်ရေးအဖွဲ့ ရုံးကြီးလူငယ်လူမှုကူညီရေးအသင်း၊ သမာဓိနှလုံးသားလူမှုကူညီရေးအသင်းမှ အသင်းဝင်များနှင့် အောင်မြသန်းကုမ္ပဏီမှ ဝန်ထမ်းအချို့က ဝိုင်းဝန်းရှာဖွေခဲ့သော်လည်း ရေနစ်ပျောက်ဆုံးနေသူများကို ရှာမတွေ့သေးကြောင်း သိရသည်။



