
၁၈.၇.၂၀၂၆
Written by KL
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ငွေဆောင်မြို့၊ မဒေါ့ကုန်းကျေးရွာအုပ်စု၊ ငပျောချောင်းအနီးတွင် တောဆင်ရိုင်းနင်းခံရ၍ မိသားစုသုံးဦး သေဆုံးခဲ့ပြီး ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိမှု ဇူလိုင်လ ၁၅ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးထံမှ သိရသည်။
ကလေးငယ်နှစ်ဦး အပါအဝင် မိသားစုလေးဦးအိပ်ပျော်နေသော တဲအတွင်းသို့ ဇူလိုင်လ ၁၅ ရက် နံနက် ၂ နာရီခွဲက တောဆင်ရိုင်းတစ်ကောင် ဝင်ရောက်ခဲ့ပြီး နင်းချေခဲ့ရာ မိသားစု သုံးဦးသေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တောဆင်ရိုင်းအနင်းခံရ၍ ဖခင်ဖြစ်သူ အသက် ၂၈ နှစ်အရွယ် စောထူးဆဲတွင် ရင်ညွှန့်ညာဘက်ချိုင့်ဒဏ်ရာ၊ ညာဘက်လက်ကောက်ဝတ်ကျိုးဒဏ်ရာ၊ ညာဘက်ပေါင်ကျိုးဒဏ်ရာများဖြင့်လည်းကောင်း၊ အသက် ၂၁ နှစ်အရွယ် မိခင် နော်နေဘလုဆဲတွင် ညာဘက်ရင်ညွှန့်ညိုမဲဒဏ်ရာ၊ ညာဘက်လက်မောင်းကျိုးဒဏ်ရာတို့ဖြင့်လည်းကောင်း၊ အသက် ခြောက်လအရွယ် သားဖြစ်သူစောနေပုလဲထူးတွင် မျက်နှာချိုင့်ဝင်ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။
ထို့အပြင် အသက် သုံးနှစ်အရွယ် သမီးဖြစ်သူ နော်ဖောဘလုထူးတွင် ညာဘက် မျက်နှာပွန်းခြစ်ဒဏ်ရာ၊ ညာရင်ဘတ် ပွန်းခြစ်ဒဏ်ရာ၊ ဘယ်လက်ကောက်ပွန်းခြစ်ဒဏ်ရာ၊ ညာဘက်ပေါင်ကျိုးဒဏ်ရာများရရှိခဲ့သဖြင့် ပုသိမ်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။
“သူတို့မိသားစုကငှက်ပျောချောင်းကွင်းရဲ့ အနောက်ဘက် နှစ်မိုင်လောက်ဝေးတဲ့ တောထဲမှာ လယ်လုပ်တာ သူတို့တဲထဲ တောဆင်ရိုင်းဝင်မွှေသွားလို့ တဲအနီးအိမ်နီးချင်းက ရွာလူကြီးကို အကြောင်းကြားရင်း သိခဲ့တာ”ဟု ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးက ပြောသည်။
၂၀၁၁ ခုနှစ်တွင် နောက်ဆုံးကောက်ခံထားသည့် စာရင်းများအရ မြန်မာနိုင်ငံတွင် တောဆင်ရိုင်းကောင်ရေ ၂၀၀၀ခန့်ရှိကြောင်း သိရသည်။
