
သက်တံ့
၁၈. ၇. ၂၀၂၆
ကမ္ဘာ့အာကာသစီးပွားရေးကဏ္ဍတွင် ပိုမိုကြီးမားသော ဝေစုတစ်စု ရရှိရန် ရည်မှန်းထားသည့် တောင်အာရှ၏ အင်အားကြီးနိုင်ငံဖြစ်သော အိန္ဒိယနိုင်ငံအတွက် သိသာထင်ရှားသည့် ခြေလှမ်းတစ်ရပ်အဖြစ်၊ နိုင်ငံ၏ ပထမဆုံး ပုဂ္ဂလိကတည်ဆောက်သော ပတ်လမ်းကြောင်းပျံ ဒုံးပျံ (Orbital Rocket) သည် စနေနေ့တွင် ပထမဆုံးအကြိမ် ပျံသန်းမှုပြုလုပ်ခဲ့ကြောင်း Skyroot Aerospace ကုမ္ပဏီက ပြောကြားခဲ့သည်။
Skyroot Aerospace ကုမ္ပဏီမှ တည်ဆောက်ထားပြီး ကမ္ဘာပတ်လမ်းကြောင်းနိမ့်အတွင်းသို့ ဂြိုဟ်တုအသေးစားများ သယ်ဆောင်ရန် ဒီဇိုင်းဆွဲထားသည့် Vikram-1 ဒုံးပျံသည် သောင်းသောင်းဖြဖြ အားပေးကြိုဆိုသံများနှင့်အတူ သီရိဟာရီကိုတာ (Sriharikota) ရှိ ဆာတစ်ရှ် ဒါဝန် (Satish Dhawan) အာကာသစင်တာမှ ပျံတက်သွားခဲ့သည်။
”မင်္ဂလာပါ အာကာသရေ၊ တို့တွေ ရောက်လာပြီနော်။” ဟု Skyroot Aerospace က လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသလို “Vikram-1 ရဲ့ ပထမဆုံး စမ်းသပ်ပျံသန်းမှု မစ်ရှင် အောင်အောင်မြင်မြင် ပြီးဆုံးသွားပါပြီ။ အိန္ဒိယ ပုဂ္ဂလိကကဏ္ဍရဲ့ ပထမဆုံး လွှတ်တင်မှုဟာ အောင်မြင်စွာ ပြီးမြောက်သွားခဲ့ပါပြီ။”ဟုလည်း ဖော်ပြထားသည်။

Vikram-1 ဒုံးပျံသည် ခုနစ်ထပ်တိုက် အဆောက်အအုံတစ်ခုစာခန့် မြင့်မားပြီး အလေးချိန် ၃၅၀ ကီလိုဂရမ် (၇၇၁ ပေါင်) အထိရှိသော ဝန်စည်ပစ္စည်း (Payload) များကို သယ်ဆောင်နိုင်သည်။
အစိုးရ၏ အိန္ဒိယအမျိုးသား အာကာသမြှင့်တင်ရေးနှင့် ခွင့်ပြုမိန့်ပေးရေးစင်တာ (Indian National Space Promotion and Authorisation Centre) ဥက္ကဋ္ဌဖြစ်သူ ပဝန် ဂိုအန်ကာ (Pawan Goenka) က ဤအောင်မြင်မှုသည် “အိန္ဒိယ ပုဂ္ဂလိကကုမ္ပဏီတစ်ခုအနေနဲ့ ပထမဆုံးအကြိမ် လုပ်ဆောင်တဲ့ ပတ်လမ်းကြောင်းပျံ လွှတ်တင်မှုအတွက် မျှော်မှန်းထားတာထက်ကို အပြတ်အသတ် သာလွန်ကောင်းမွန်ခဲ့တယ်” ဟု ပြောကြားခဲ့သည်။
ဝန်ကြီးချုပ် နရန်ဒရာ မိုဒီ (Narendra Modi) ကလည်း ယခုကြိုးပမ်းမှုကို “အိန္ဒိယရဲ့ အာကာသခရီးစဉ်မှာ သမိုင်းမှတ်တိုင်စိုက်ထူနိုင်ခဲ့တဲ့ အခိုက်အတန့်တစ်ခုပါ”ဟု ချီးကျူးဂုဏ်ပြုခဲ့သည်။
Ref: SCMP
