
၁၈ .၇ .၂၀၂၆
Written by Thiri
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့မှာ ရည်းစားဖြစ်သူ အမျိုးသမီး ၉၆ ပါးရောဂါနဲ့ ကွယ်လွန်သွားပြီး နောက်ရက်မှာ ချစ်သူ ဆယ်ကျော်သက်အမျိုးသားက တမာပင်မှာ ကြိုးဆွဲချ (ဆွဲကြိုးချ) လို့ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတဲ့ ဖြစ်စဉ်တစ်ခု ပြီးခဲ့တဲ့ ဇူလိုင်လ ၁၇ ရက်နေ့ညပိုင်းက ဖြစ်ပွားခဲ့လို့ သိရပါတယ် ။
ဖြစ်စဉ်က ဇူလိုင် ၁၇ ရက် ည ၈ နာရီအချိန်ခန့်မှာ မိတ္ထီလာမြို့နယ်၊ အောင်ဇေယျာရပ်ကွက်၊ ရဲစခန်းရဲ့ အရှေ့ဘက် ၁ မိုင်ခန့်အကွာ သံလမ်းတောင်ဘက်ဘေးရှိ တမာပင်တစ်ခုမှာ အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးနေကြောင်း သတင်းရရှိခဲ့တာ ဖြစ်ပါတယ်။
သေဆုံးသူဟာ မိတ္ထီလာမြို့၊ ကျီတော်ကုန်းရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၁၈ နှစ်အရွယ် ကျပမ်းလုပ်သား မောင်စည်သူငြိမ်းလို့ သိရပြီး၊ ၎င်းရဲ့ ရည်းစားဖြစ်သူ အမျိုးသမီးဟာ ဇူလိုင် ၁၆ ရက်နေ့က ၉၆ ပါးရောဂါနဲ့ ကွယ်လွန်သွားခဲ့ကြောင်းလည်း နီးစပ်သူတွေ ဆီကနေ သိရှိရတယ်လို့ ရဲမှတ်တမ်းမှာ ဖော်ပြထားပါတယ်။ မောင်စည်သူငြိမ်းဟာ အလျား ၅ ပေခန့်ရှိတဲ့ ဘေးလွယ်အိတ်ကြိုးကို အသုံးပြုပြီး တမာကိုင်းမှာ ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချ အဆုံးစီရင်ခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။
အဆိုပါ ကြိုးဆွဲချ သေဆုံးနေမှုကို အောင်ဇေယျာရပ်ကွက်မှ နယ်မြေ(၆) ရာအိမ်မှူးဖြစ်သူ အသက် ၆၇ နှစ်အရွယ် ဦးမောင်ရွှေက စတင်တွေ့ရှိခဲ့တာဖြစ်ပြီး၊ သတင်းအရ သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်တာဝန်ရှိသူများ ပူးပေါင်းကာ အခင်းဖြစ်နေရာသို့ သွားရောက်စစ်ဆေးခဲ့ရာ ခန္ဓာကိုယ်တွင် ပြင်ပဒဏ်ရာတစ်စုံတစ်ရာ မတွေ့ရှိရဘဲ ကြိုးဆွဲချ သေဆုံးနေတာကို အတည်ပြုခဲ့ရကြောင်း သိရပါတယ်။
သေဆုံးသူ မောင်စည်သူငြိမ်းရဲ့ ရုပ်အလောင်းကို “မျိုးဆက်သစ်မြတ်ပါရမီ” လူမှုရေးအသင်းကားဖြင့် ည ၈ နာရီခွဲမှာ မိတ္ထီလာပြည်သူ့ဆေးရုံကြီးသို့ အရေးပေါ် ပို့ဆောင်ခဲ့ရာ ည ၉ နာရီ ၁၀ မိနစ်မှာ ရောက်ရှိခဲ့ရာ တာဝန်ကျဆရာဝန် ဒေါက်တာထက်ဝေယံလင်းက ရင်ခွဲစစ်ဆေးချက် အမှတ်စဉ် PR 67/26 ဖြင့် လက်ခံထားရှိပြီး၊ ဇူလိုင် ၁၈ ရက် ယနေ့နံနက် ၈ နာရီအချိန်မှာ ရင်ခွဲစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
အဆိုပါ မောင်စည်သူငြိမ်း သေဆုံးမှုနဲ့ပတ်သက်ပြီး ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်၊ မဟုတ် သေချာစေရန်အတွက် မိတ္ထီလာမြို့မရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၁၈/၂၀၂၆၊ ပုဒ်မ (ဃ) ဖြင့် တရားဝင် သတင်းချက်ရေးဖွင့်ကာ ဥပဒေလုပ်ထုံးလုပ်နည်းအတိုင်း ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါတယ်။
