သက်တံ့
၁၇. ၇. ၂၀၂၆
ယူဂန္ဓာနိုင်ငံ (ယူဂန်းဒါးနိုင်ငံ) အရှေ့ပိုင်းတွင် လေ့လာရေးခရီးစဉ်မှအပြန် ကျောင်းသား၊ ကျောင်းသူများ အပြည့်လိုက်ပါလာသည့် ဘတ်စ်ကားတစ်စီး လမ်းချော်တိမ်းမှောက်မှု ကြေကွဲဖွယ်ဖြစ်ပွားခဲ့ရာ ကလေးငယ် ၂၀ ဦးနှင့် ကျောင်းတည်ထောင်သူအမျိုးသားတစ်ဦး သေဆုံးသွားခဲ့ကြောင်း ဒေသခံတာဝန်ရှိသူများနှင့် ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
မြို့တော်ကမ်ပါလာ (Kampala) အနီး နေဂျေ (Ndejje) ရှိ King David Junior ကျောင်းမှ အဆိုပါ ဘတ်စ်ကားသည် ကပ်ချိုဝါ (Kapchorwa) ခရိုင်ရှိ Sipi ရေတံခွန်သို့ သွားရောက်သည့် ကျောင်းလေ့လာရေးခရီးစဉ်မှအပြန် ဒေသစံတော်ချိန် ကြာသပတေးနေ့ ည ၈ နာရီ (ဂရင်းနစ်စံတော်ချိန် ၁၇:၀၀) ခန့်တွင် ကာဝေါဝေါ (Kawowo) နယ်မြေ၊ ချက်ကွာတစ် (Chekwatit) ကျေးရွာ၌ တိမ်းမှောက်ခဲ့ခြင်း ဖြစ်သည်။



ဘီဘီစီသတင်းဌာန၏ ဖော်ပြချက်အရ ကနဦးစုံစမ်းစစ်ဆေးမှုများတွင် ယာဉ်သည် စက်ချို့ယွင်းမှု ဖြစ်ပွားခဲ့ပြီးနောက် မတော်တဆမှုများ မကြာခဏဖြစ်ပွားလေ့ရှိသည့် ချက်ကွာတစ်တောင်ကုန်း အဆင်း၌ ယာဉ်မောင်းက ကားကို မထိန်းနိုင်တော့ဘဲ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ယာဉ်မောင်းက ကားကို မထိန်းနိုင်တော့ဘဲ လမ်းချော်သွားပြီး လမ်းဘေးက ကျောက်တုံးကြီးတစ်ခုကို တိုက်မိကာ တိမ်းမှောက်သွားခဲ့တာဖြစ်ပါတယ်” ဟု ရဲတပ်ဖွဲ့က ၎င်းတို့၏ X လူမှုကွန်ရက်စာမျက်နှာပေါ်တွင် သတင်းထုတ်ပြန်ထားသည်။
အဆိုပါ ယာဉ်တိုက်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရသူများထဲတွင် King David Junior ကျောင်းကို တည်ထောင်သူနှင့် ကျောင်းအုပ်ကြီးဖြစ်သူ Mr. Tadeo Ssekade လည်း ပါဝင်ခဲ့သည်။ ဒေသခံဝန်ကြီး Balaam Ateenyi Barugahara ကလည်း ၎င်း၏ X စာမျက်နှာတွင် “စိတ်မကောင်းစရာပဲ။ ကလေးငယ် ၂၀ ဦးနဲ့ ကျောင်းတည်ထောင်သူလည်းဖြစ်၊ ကျောင်းအုပ်လည်းဖြစ်တဲ့ Mr. Tadeo Ssekade အပါအဝင် လူကြီးတစ်ဦး သေဆုံးသွားခဲ့ပါပြီ” ဟု ရေးသားကာ အမှုဖြစ်ပွားမှုကို အတည်ပြုခဲ့သည်။
ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ ဤဖြစ်စဉ်ကြောင့် ကလေးငယ်အများအပြားနှင့် လူကြီးအမျိုးသား ၃ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့ကို ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှုပေးလျက်ရှိကြောင်းနှင့် ရဲတပ်ဖွဲ့အနေဖြင့် အသေးစိတ်ကို ဆက်လက်စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။
အဆိုပါ အရှေ့အာဖရိကနိုင်ငံဖြစ်သော ယူဂန္ဓာနိုင်ငံသည် လမ်းပန်းဆက်သွယ်ရေး လုံခြုံမှုမရှိခြင်းနှင့် လမ်းမကြီးများ ထိန်းသိမ်းမှုညံ့ဖျင်းခြင်းတို့ကြောင့် လူသေဆုံးမှုဖြစ်စေသည့် ဘတ်စ်ကား သို့မဟုတ် ကုန်တင်ကား မတော်တဆမှုများ မကြာခဏဖြစ်ပွားလေ့ရှိရာ ပြီးခဲ့သည့် အောက်တိုဘာလကလည်း ဘတ်စ်ကားနှစ်စီး မျက်နှာချင်းဆိုင်တိုက်မိမှုကြောင့် အနည်းဆုံး လူ ၄၆ ဦး သေဆုံးခဲ့သည်။ ၂၀၂၄ ခုနှစ် အစီရင်ခံစာတစ်ခုအရ ထိုနှစ်အတွင်း လူသေဆုံးမှုဖြစ်ပွားစေသည့် ယာဉ်တိုက်မှု ၄, ၄၃၄ ခုရှိခဲ့ပြီး သေဆုံးသူ ၅, ၁၄၄ ဦးအထိ ရှိခဲ့ကြောင်း သိရသည်။
Ref: AFP, Times of India




