



၁၆.၇.၂၀၂၆
Translated by Htwe Ko Tun
ယခုအခါ ခရီးသွားနေရာတစ်ခုလည်းဖြစ်သည့် ဆန်ဖရန်စစ္စကိုပင်လယ်အော်အတွင်းရှိ နာမည်ကျော် အကျဉ်းထောင်ကျွန်းဖြစ်သော အယ်လ်ကာထရက်ဇ်ကျွန်းကမ်းရိုးတန်းတွင် သုံးထပ်ပါ ပွန်တွန်းသင်္ဘော တစ်စင်း ဇူလိုင်လ ၁၄ ရက်က တိမ်းမှောက်ခဲ့ကြောင်းသိရသည်။
သင်္ဘောတိမ်းမှောက်မှုတွင် ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်မှုကို ဇူလိုင်လ ၁၅ ရက်တွင် ရပ်ဆိုင်းလိုက်ပြီးနောက် ပျောက်ဆုံးနေသူ သုံးဦးမှာလည်း သေဆုံးပြီဟု ယူဆရသဖြင့် သင်္ဘောတိမ်းမှောက်မှု၌ စုစုပေါင်းလူလေးဦး သေဆုံးခဲ့ကြောင်း အမေရိကန်အရာရှိများက ပြောကြားခဲ့သည်။
သင်္ဘော တိမ်းမှောက်မှုတွင် ခွေးတစ်ကောင်လည်း သေဆုံးခဲ့ပြီး အခြား ၁၆ ဦးကို အာဏာပိုင်များက ကယ်တင်နိုင်ခဲ့သည်။
ယခုအခါ ခရီးသွားနေရာအဖြစ် ထင်ရှားသော နာမည်ကျော် အယ်လ်ကာထရက်ဇ် ဖက်ဒရယ် အကျဉ်းထောင်ဟောင်းသည်ကျွန်းပေါ်တွင်ရှိသည်။ပြင်းထန်သောသမုဒ္ဒရာရေစီးကြောင်းများနှင့် ၎င်းကို ဝန်းရံထားသော အေးစက်သည့် ပစိဖိတ်ရေပြင်များကြောင့် ထိုထောင်သည် မလွတ်မြောက်နိုင်သော နေရာအဖြစ် နာမည်ဆိုးဖြင့် ကျော်ကြားသည်။
အယ်လ်ကာထရက်ဇ်ကျွန်းသည် ဆန်ဖရန်စစ္စကိုပင်လယ်အော်ကမ်းခြေမှ တစ်မိုင် (၁ ဒသမ ၆ ကီလိုမီတာ) ခန့်အကွာတွင် ရှိသည်။ သင်္ဘောတိမ်းမှောက်ပြီးနောက် ရှာဖွေရေးနှင့် ကယ်ဆယ်ရေးအဖွဲ့များသည် တစ်ညလုံး ပျောက်ဆုံးနေသူများကို ရှာဖွေခဲ့ကြပြီး ဇူလိုင်လ ၁၅ ရက် ညနေ နေဝင်ချိန်တွင် ၎င်းတို့ကို အသက်ရှင်လျက် ရှာတွေ့ရန် မျှော်လင့်ချက်များ ပျောက်ကွယ်သွားပြီးနောက် ကမ်းခြေစောင့်တပ်က ရှာဖွေရေးလုပ်ငန်းကို ရပ်ဆိုင်းလိုက်သည်။
ဒေသခံရဲနှင့် မီးသတ်အဖွဲ့များကလည်း လေယာဉ်များ၊ လှေများနှင့် ရဟတ်ယာဉ်များကို အသုံးပြုလျက် ရှာဖွေမှု စစ်ဆင်ရေးအတွင်း ကမ်းခြေစောင့်တပ်ကို ဖြန့်ကျက်ကူညီပေးခဲ့ကြသည်။
Ref- DW News
