သက်တံ့
၁၆. ၇. ၂၀၂၆
မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်သည် စစ်ဘေးဒဏ်သင့်နေသော မြန်မာနိုင်ငံအတွင်းရှိ လက်နက်ကိုင်အဖွဲ့များ အပါအဝင် ပတ်သက်ဆက်နွှယ်သူ (Stakeholders) အားလုံးနှင့် ဆက်လက်တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း ဖိလစ်ပိုင်နိုင်ငံက ယနေ့ ဇူလိုင်လ ၁၆ ရက်တွင် ပြောကြားလိုက်သည်။
ဖိလစ်ပိုင်နိုင်ငံသည် လာမည့်သီတင်းပတ် ဇူလိုင် ၂၁ ရက်မှ ၂၅ ရက်အတွင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် ပြင်ဆင်နေသည်။ ယခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်သော ဖိလစ်ပိုင်နိုင်ငံ (မနီလာမြို့) တွင် ကျင်းပမည့် အဆိုပါထိပ်သီးအစည်းအဝေးသို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို (Marco Rubio)၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi) နှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လာဗ်ရော့ဗ် (Sergei Lavrov) တို့ တက်ရောက်ကြရန် မျှော်လင့်ရပြီး ဂျပန်၊ သြစတြေးလျ၊ ကနေဒါနှင့် ဗြိတိန်နိုင်ငံတို့မှ ဝန်ကြီးများလည်း တက်ရောက်ကြမည်ဖြစ်သည်။
အင်ဒို-ပစိဖိတ်ဒေသတွင်း ပထဝီနိုင်ငံရေးတင်းမာမှုများ၊ အီရန်စစ်ပွဲကြောင့် ကမ္ဘာ့ကုန်သွယ်ရေးနှင့် ဈေးကွက်များအပေါ် အနှောင့်အယှက်ဖြစ်စေမှု နောက်ခံအခြေအနေများနှင့်အတူ ဖိလစ်ပိုင်မြို့တော်တွင် ပြုလုပ်မည့် ဆွေးနွေးပွဲများ၌ မြန်မာ့အရေးသည် အဓိကကျသော ကိစ္စရပ်များတွင် ပါဝင်လာရန် မျှော်လင့်ရသည့်အပြင် တောင်တရုတ်ပင်လယ်ဆိုင်ရာ အာဆီယံ၏ ကျင့်ဝတ်စည်းကမ်း (Code of Conduct – COC) အစီအစဉ်လည်း ပါဝင်မည်ဖြစ်သည်။
လွန်ခဲ့သည့် သီတင်းပတ်ကုန်က အာဆီယံနိုင်ငံခြားရေးဝန်ကြီးများသည် ဘန်ကောက်မြို့၌ မြန်မာနိုင်ငံခြားရေးဝန်ကြီးနှင့် အလွတ်သဘော ဆွေးနွေးပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။ ၎င်းသည် ၂၀၂၁ ခုနှစ် မြန်မာနိုင်ငံတွင် အာဏာထိန်းသိမ်းမှုဖြစ်ပွားပြီးနောက် အာဆီယံက မြန်မာခေါင်းဆောင်များကို အစည်းအဝေးများ တက်ရောက်ခွင့် ပိတ်ပင်ခဲ့ပြီးကတည်းက ပထမဦးဆုံးအကြိမ်အဖြစ် လူကိုယ်တိုင်မျက်နှာချင်းဆိုင် တွေ့ဆုံခဲ့သည့် ဆွေးနွေးပွဲဖြစ်သည်။
မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်လည်းဖြစ်သူ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မာရီယာ သီရီဆာ လာဇာရိုသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ NUG ၏ ကိုယ်စားလှယ်များနှင့် အခြားပတ်သက်ဆက်နွှယ်သူများနှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့ပြီး လာမည့်သီတင်းပတ်တွင် ပြုလုပ်မည့် အစည်းအဝေး၌ ၎င်း၏ မိတ်ဖက်နိုင်ငံခြားရေးဝန်ကြီးများကို အဆိုပါဆွေးနွေးမှုများနှင့်ပတ်သက်၍ အစီရင်ခံ တင်ပြသွားမည်ဖြစ်သည်။
ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒိုမန်းနစ် ဇေးဗီယာ အင်ပီရီရယ် (Dominic Xavier Imperial) က လက်နက်ကိုင်အဖွဲ့များနှင့် လာဇာရို၏ ဆွေးနွေးမှုများသည် “ပွင့်လင်းရိုးသားမှုရှိပြီး” “အကျိုးဖြစ်ထွန်းမှုရှိသည်” ဟု ပြောကြားခဲ့ကာ မြန်မာနိုင်ငံ၏ အနာဂတ်ဆိုင်ရာ မည်သည့်ဆွေးနွေးပွဲတွင်မဆို ထိုအဖွဲ့များသည် အရေးပါလိမ့်မည်ဖြစ်ကြောင်း မှတ်ချက်ပြုခဲ့သည်။
“ကျွန်တော်တို့အနေနဲ့ ဒီလိုတွေ့ဆုံဆွေးနွေးမှုတွေကို သတ်မှတ်ထားတဲ့ အုပ်စုအချို့နဲ့တင် ကန့်သတ်ထားမှာမဟုတ်ဘဲ လူတိုင်းနဲ့ ဆွေးနွေးညှိနှိုင်းနိုင်ဖို့ အားလုံးကို တံခါးဖွင့် ဖိတ်ခေါ်ထားတာဖြစ်ပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောကြားသည်။
Ref : Reuters
