
သတိုး
၁၆. ၇. ၂၀၂၆
နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်သည် ယနေ့ ဇူလိုင် ၁၆ ရက် နံနက်ပိုင်းက သူနာပြုသိပ္ပံ (နေပြည်တော်)၌ ကျင်းပသည့် သူနာပြုသိပ္ပံ (နေပြည်တော်)နှင့် တိုင်းဒေသကြီး၊ ပြည်နယ်များရှိ သူနာပြုသိပ္ပံများ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ သူနာပြုသိပ္ပံ ဆိုင်းဘုတ်များကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးခဲ့ပြီး ဂုဏ်ပြုမိန့်ခွန်း ပြောကြားခဲ့သည်။
နိုင်ငံတော်သမ္မတက ဂုဏ်ပြုမိန့်ခွန်း၌ “နိုင်ငံတော်၏ ကျန်းမာရေးစနစ် ပိုမိုတောင့်တင်းခိုင်မာလာစေရေးနှင့် မြိုပြ၊ ကျေးလက်မကျန် ပြည်သူတိုင်း လက်လှမ်းမီသည့် ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရေးအတွက် အရည်အသွေးပြည့်ဝပြီး လူသားချင်းစာနာစိတ်ရှိသည့် သူနာပြုနှင့် သားဖွားပညာရှင်များကို တိုးမြှင့်လေ့ကျင့်မွေးထုတ်ပေးကြရန်” အလေးထားမှာကြားခဲ့သည်ဟု နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက ယခု ထုတ်ပြန်သည်။
ထို့အပြင် နိုင်ငံတော်သမ္မတကြီးက မြို့ပြနှင့် ကျေးလက်ပါမကျန်၊ ဆင်းရဲချမ်းသာမရွေး လူတိုင်းလက်လှမ်းမီသည့် ကျန်းမာရေးစောင့်ရှောက်မှု (Universal Health Coverage) ပေးနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ “လူ့အသက်ထက် အရေးကြီးတာ ဘာမှမရှိ” ဟူသော ခံယူချက်ဖြင့် ကျန်းမာရေးကဏ္ဍကို ဘက်ပေါင်းစုံမှ ဖြည့်ဆည်းမြှင့်တင် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နိုင်ငံတစ်ဝန်းရှိ သူနာပြုနှင့် သားဖွားသင်တန်းကျောင်း (၁၅) ကျောင်းကို “သူနာပြုသိပ္ပံ” များအဖြစ် ထိုက်တန်သည့် အဆင့်အတန်း သတ်မှတ်၍ အဆင့်မြှင့်တင် တိုးချဲ့ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ကျန်ရှိနေသည့် သူနာပြု၊ သားဖွားနှင့် နှီးနွှယ်သင်တန်းကျောင်း (၂၇) ကျောင်းကိုလည်း အစိုးရသစ်ရက် (၁၀၀) အတွင်း ဦးစားပေးအဆင့်ဖြင့် ဖွဲ့စည်းပုံ တိုးမြှင့်ပေးခဲ့ပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။
အလားတူ ကျန်းမာရေးကဏ္ဍ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုများအဖြစ် ၁၉၆၂ ခုနှစ်မှ ယနေ့အထိ သူနာပြု-သားဖွားဒီပလိုမာရရှိသူ ၄၅,၂၄၅ ဦး၊ သားဖွား ၄၂,၅၂၄ ဦး မွေးထုတ်ပေးခဲ့ပြီး ဖြစ်ကြောင်း၊ ၂၀၂၆ ခုနှစ် ပညာသင်နှစ်၌ သူနာပြု-သားဖွား ဒီပလိုမာ (၃) နှစ်သင်တန်းတွင် ကျောင်းသား၊ ကျောင်းသူ (၅,၉၄၆) ဦးနှင့် ဘက်စုံသားဖွား ဒီပလိုမာ (၂) နှစ်သင်တန်းတွင် (၁,၀၃၅) ဦး လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း၊လာမည့် ၂၀၂၇ ခုနှစ် တိုးမြှင့်ခေါ်ယူမည့်အစီအစဉ်အရ ပညာသင်နှစ်တွင် သူနာပြု-သားဖွား ဒီပလိုမာ (၃) နှစ်သင်တန်းအတွက် သစ်လွင်ကျောင်းသား၊ ကျောင်းသူ (၂,၉၀၀) ဦးနှင့် ဘက်စုံသားဖွားဒီပလိုမာ (၂) နှစ်သင်တန်းအတွက် (၁,၄၀၀) ဦးအထိ တိုးမြှင့်ခေါ်ယူ ပျိုးထောင်ပေးသွားမည် ဖြစ်ကြောင်းနှင့်အမျိုးသားပညာရေးအဆင့် မူဘောင်အရ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူ များသာ တက်ရောက်ခွင့်ရှိပြီး၊ ပြည်တွင်း/ပြည်ပ တက္ကသိုလ်များတွင် သူနာပြုပါရဂူဘွဲ့ (Ph.D) အထိ အဆင့်ဆင့် တက်လှမ်းသင်ယူနိုင်မည့် အခွင့်အလမ်းများ ရှိလာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။
