သက်တံ့
၁၆. ၇. ၂၀၂၆
မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်သည် မြန်မာအစိုးရကျောထောက်နောက်ခံပြုထားသည့် ညှိနှိုင်းရေးသမားများနှင့်လည်းကောင်း၊ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုအချို့နှင့်လည်းကောင်း သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ပြည်တွင်းစစ်ကို စစ်ရေးနည်းလမ်းဖြင့် ဖြေရှင်း၍မရနိုင်ကြောင်း အဖွဲ့အစည်းအားလုံးက နားလည်လက်ခံထားကြသည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး စီဟာဆက် ဖူအန်ကတ်ကောင်းက ပြောကြားသည်။
ထိုင်းနိုင်ငံအနေဖြင့် ကြားဝင်စေ့စပ်ညှိနှိုင်းပေးသူအဖြစ် ဆောင်ရွက်ရန်နှင့် နောင်တွင်ပြုလုပ်မည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများအတွက် နေရာပေးရန် အသင့်ရှိကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။ အထက်ပါဆွေးနွေးပွဲများသည် ၂၀၂၁ ခုနှစ် အာဏာထိန်းသိမ်းမှုဖြစ်ပွားပြီးကတည်းက လူပေါင်း ၁၀၀,၀၀၀ ခန့် သေဆုံးကာ သန်းနှင့်ချီ၍ နေရပ်စွန့်ခွာခဲ့ရသည့် မြန်မာနိုင်ငံအတွက် ရပ်တန့်နေသော အာဆီယံ၏ ငြိမ်းချမ်းရေးကြိုးပမ်းမှုကို ပြန်လည်အသက်သွင်းရန် သိသာထင်ရှားသော ခြေလှမ်းတစ်ရပ် ဖြစ်လာခဲ့သည်။
မဲမသမာမှုပြုသည့် ဒေါ်အောင်ဆန်းစုကြည်၏ အစိုးရကို ဖြုတ်ချပြီး ပြည်တွင်းနေရာအနှံ့ စစ်ပွဲများကို ဖြစ်ပေါ်စေခဲ့သည့် အာဏာထိန်းသိမ်းမှုပြီးနောက်ပိုင်း ပထမဦးဆုံးအကြိမ်အဖြစ် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများသည် မြန်မာနိုင်ငံခြားရေးဝန်ကြီးနှင့် လူကိုယ်တိုင်တွေ့ဆုံသည့် ဆွေးနွေးပွဲကို တနင်္ဂနွေနေ့က ပြုလုပ်ခဲ့သည်။
တစ်ရက်အကြာတွင် အာဆီယံအထူးသံတမန်ဖြစ်သူ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မာရီယာ သီရီဆာ လာဇာရို (Maria Theresa Lazaro) နှင့် ဝန်ကြီး စီဟာဆက်တို့သည် ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၆ ဖွဲ့နှင့် တွေ့ဆုံခဲ့သည်။
ထိုအဖွဲ့များသည် ဆွေးနွေးညှိနှိုင်းရန် လမ်းဖွင့်ထားသော်လည်း ဘုံသဘောတူညီချက်တစ်ရပ်ရရှိရန် ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကြောင်း ဝန်ကြီး စီဟာဆက်က ပြောကြားခဲ့သည်။
ထို့အပြင် လာဇာရိုနှင့် ထိုင်းအရာရှိများသည် မြန်မာအစိုးရ ကျောထောက်နောက်ခံပြုထားသည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့်လည်း တွေ့ဆုံခဲ့သည်။
စစ်ရေးနည်းလမ်းဖြင့် အဖြေရှာခြင်းသည် မည်သည့်အဖွဲ့အစည်းအတွက်မျှ အကျိုးရှိမည်မဟုတ်ကြောင်း ဆွေးနွေးပွဲတက်ရောက်ခဲ့သည့် အဖွဲ့အားလုံးက နားလည်လက်ခံထားကြသည်ဟု ၎င်းက ဆိုသည်။
“နောက်ဆုံးမှာတော့ ဆွေးနွေးပွဲတွေ စတင်နိုင်ဖို့ ဘုံသဘောတူညီချက်အချို့ကို ရှာဖွေနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ လောလောဆယ်မှာတော့ ဆွေးနွေးပွဲဖြစ်မြောက်ဖို့အတွက် ဆွေးနွေးမှုတွေ လုပ်ရဦးမှာပါ၊ ဥပမာ – ဘယ်လိုဆွေးနွေးမလဲ၊ ဘယ်နေရာမှာ ဆွေးနွေးမလဲဆိုတာမျိုးတွေပေါ့” ဟု ဝန်ကြီး စီဟာဆက်က ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံနှင့် အာဆီယံတို့သည် အာဏာထိန်းသိမ်းပြီးကတည်းက ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် လူကိုယ်တိုင် မျက်နှာချင်းဆိုင် တွေ့ဆုံခွင့်ရရန် မျှော်လင့်နေကြသည်။ ထိုင်းနိုင်ငံအနေဖြင့် အာဆီယံ၏ မြန်မာ့ငြိမ်းချမ်းရေး လမ်းညွှန်ချက်ဖြစ်သော “မူဘောင် ၅ ရပ်” (Five-Point Consensus) ကို စွန့်လွှတ်ထားခြင်း မရှိပေ။
Ref : Reuters
