သက်တံ့
၁၆. ၇. ၂၀၂၆
အယ်လ်ဂျီးရီးယားနိုင်ငံ မြို့တော် အယ်လ်ဂျီးယား (Algiers) ၏ ဆင်ခြေဖုံးရပ်ကွက်ရှိ မိဘမဲ့ဂေဟာတစ်ခုတွင် ယနေ့ (ဇူလိုင် ၁၆ ရက်) အစောပိုင်းက မီးလောင်မှုတစ်ရပ် ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၁ ဦး သေဆုံးပြီး ၁၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံ၏ လူမှုကယ်ဆယ်ရေးအဖွဲ့ (Civil Defence) နှင့် ပြည်တွင်းသတင်းဌာနများက ထုတ်ပြန်သည်။
မီးလောင်မှုသည် မြို့တော်ရှိ မိုဟာမက်ဒီယာ (Mohammadia) ရပ်ကွက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီးသတ်ကယ်ဆယ်ရေးအဖွဲ့များသည် အခင်းဖြစ်ပွားရာနေရာတွင် မီးငြှိမ်းသတ်နိုင်ရန် ဆက်လက်ကြိုးပမ်းနေဆဲ ဖြစ်သည်။ အာဏာပိုင်များ၏ ပြောကြားချက်အရ သေဆုံးသူ အရေအတွက်မှာ ယာယီစာရင်းသာဖြစ်ပြီး သေဆုံးသူများ၏ အသက်အရွယ်ကိုလည်း အသေးစိတ် ဖော်ပြထားခြင်း မရှိသေးပေ။
ဒဏ်ရာရရှိသူ ၁၉ ဦးအနက် ၁၀ ဦးမှာ ပြင်းထန်မှုအဆင့်ဆင့်အလိုက် မီးလောင်ဒဏ်ရာများ ရရှိခဲ့ကြပြီး ၂ ဦးမှာ အသက်ရှူရခက်ခဲသည့် ဝေဒနာ ခံစားနေရကာ ကျန် ၇ ဦးမှာမူ စိတ်ပိုင်းဆိုင်ရာ တုန်လှုပ်ခြောက်ခြားမှု (Shock) ကြောင့် ဆေးကုသမှု ခံယူနေရသည်။ ထို့ပြင် ကယ်ဆယ်ရေးအဖွဲ့များက အထူးပြုစုစောင့်ရှောက်ရန် လိုအပ်သည့် မသန်စွမ်းသူ ၅ ဦးကို ဘေးကင်းရာနေရာသို့ အောင်မြင်စွာ ရွှေ့ပြောင်းပေးနိုင်ခဲ့သည်။
အယ်လ်ဂျီးရီးယား အာဏာပိုင်များသည် မီးဘေးအန္တရာယ်ကို တိုက်ဖျက်ငြိမ်းသတ်ရန်အတွက် မီးသတ်ကား ၁၀ စီး၊ လူနာတင်ယာဉ် ၁၆ စီး၊ မီးသတ်ခေါင်းတိုင်ပါ လှေကားတင်ကား ၂ စီး၊ အရေးပေါ်တုံ့ပြန်ရေးယာဉ်တစ်စီးနှင့်အတူ အမျိုးသားလေ့ကျင့်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးဌာနခွဲမှ အင်အားဖြည့်တင်းမှုများကို အခင်းဖြစ်ပွားရာသို့ အင်တိုက်အားတိုက် စေလွှတ်ထားသည်။
နိုင်ငံပိုင် ရုပ်သံလိုင်း၏ ထုတ်လွှင့်ပြသချက်အရ ဝန်ကြီးချုပ် ဆီဖီ ဂရီယက်ဘ် (Sifi Ghrieb) သည် ဆေးရုံတွင် ဆေးကုသမှုခံယူနေသည့် ဒဏ်ရာရရှိသူများအား ကိုယ်တိုင်သွားရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
မီးလောင်ရသည့် အရင်းခံအကြောင်းရင်းကိုမူ ယခုအချိန်အထိ မသိရသေးပေ။ သို့သော်လည်း အယ်လ်ဂျီးရီးယားနိုင်ငံတွင် ရက်ပေါင်းများစွာ ပူပြင်းသည့် အပူလှိုင်းဒဏ်ကို ပြင်းထန်စွာ ခံစားနေရပြီး တစ်ပတ်အတွင်းမှာတင် နိုင်ငံတစ်ဝန်း မီးလောင်မှုပေါင်း ၁,၀၀၀ နီးပါးအထိ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
Ref : France 24, AFP ,APA & The National News
