နေမိုး
၁၆. ၇. ၂၀၂၆
နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်အဖွဲ့များအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် ရည်ရွယ်၍ စစ်ရေးပစ်မှတ်မဟုတ်သည့် အပြစ်မဲ့ပြည်သူများနေထိုင်ရာ မြို့၊ ရွာများ အတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ လမ်းမကြီးများပေါ်၌ မောင်းနှင်သွားလာနေသည့် မော်တော်ယာဉ်များအား မိုင်းဆွဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ လမ်းတံတားများအား မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခြင်းစသည့် အကြမ်းဖက်မှုလုပ်ရပ်များအား လုပ်ဆောင်လျက်ရှိရာ ယခုလည်း မကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ်၊ ကာကကျေးရွာအနီးရှိ ရင်းရဲချောင်းကူးတံတားအား PDF များက မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးလိုက်ပြန်သည်။
NUG ဩဇာခံ PDF များ၏ ကျူးလွန်မှုဖြစ်စဥ်မှာ ၂၀၂၆ ခုနှစ်၊ ဇူလိုင် ၁၃ ရက် နံနက် ၇ နာရီ ၂၅ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ်၊ ကာကကျေးရွာအနီး ကာကကျေးရွာနှင့် လှော်ကားကျေးရွာအား ဆက်သွယ်ထားသည့် အရှည် ၂၄၀ ပေ၊ အကျယ် ၁၀ ပေရှိ သံကူကွန်ကရစ်ဘေလီတံတားအမျိုးအစား ဒေသအခေါ် ရင်းရဲချောင်းတံတားအား PDF များက မိုင်းထောင်ဖောက်ခွဲခဲ့သဖြင့် ကာကကျေးရွာဘက်ခြမ်း တံတားထိပ်တွင် တံတားချဉ်းကပ်လမ်း အဆုံးနေရာမှ အရှည် ၂၀ ပေခန့်၊ အကျယ် ၁၅ ပေခန့်နှင့် အနက် ၆ ပေခန့် ကျိုးကျပျက်စီးခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့ အများပြည်သူ သွားလာအသုံးပြုလျက်ရှိသော ရင်းရဲချောင်းတံတားအား မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးမှုကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ လိုအပ်သည်များ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
