ပုံစာ။ Bloomberg သတင်းဌာနမှ အကြီးတန်းအမှုဆောင်အယ်ဒီတာ John Fraher နှင့် သတင်းထောက် Low De Wei (ယာ) တို့အား တရားရင်ဆိုင်အပြီး တွေ့ရစဉ်
◾️ Bloomberg အယ်ဒီတာချုပ် John Micklethwait က ဌာန၏ သတင်းတင်ပြချက်အပေါ် ဆက်လက်ရပ်တည်လိုက်ပြီး တရားစွဲဆိုခဲ့သော ဝန်ကြီးများသည် ခိုင်မာသည့် သတင်းတစ်ပုဒ်အပေါ် လွန်လွန်ကဲကဲ အဓိပ္ပာယ်ဆွဲယူခဲ့ကြဟု ပြောကြား
သတိုး
၁၅. ၇. ၂၀၂၆
စင်ကာပူနိုင်ငံ တရားလွှတ်တော်ချုပ်က အင်္ဂါနေ့ (ဇူလိုင် ၁၄ ရက်) တွင် ထုတ်ပြန်လိုက်သည့် စီရင်ချက်အရ Bloomberg သတင်းဌာနနှင့် ၎င်း၏ သတင်းထောက်တစ်ဦးတို့ ဖော်ပြခဲ့သော ဆောင်းပါးတစ်ပုဒ်သည် စင်ကာပူအစိုးရ ဝန်ကြီးနှစ်ဦးအား အသရေဖျက်ရာရောက်သည်ဟု ဆုံးဖြတ်ခဲ့ပြီးနောက် နစ်နာကြေးအဖြစ် စင်ကာပူဒေါ်လာ ၄၆၀,၀၀၀ (အမေရိကန်ဒေါ်လာ ၃၅၅,၇၃၄) ပေးလျော်ရန် အမိန့်ချမှတ်ခဲ့သည်။
အမျိုးသားလုံခြုံရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးဝန်ကြီးနှင့် ပြည်ထဲရေးဝန်ကြီးဖြစ်သူ K Shanmugam နှင့် လူ့စွမ်းအားဝန်ကြီး Tan See Leng တို့သည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလက ဖော်ပြခဲ့သော ဆောင်းပါးတစ်ပုဒ်နှင့် ပတ်သက်၍ Bloomberg နှင့် သတင်းထောက် Low De Wei တို့အား အသရေဖျက်မှုဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
Bloomberg ဘက်ကမူ ၎င်းတို့၏ သတင်းပေးပို့ချက်သည် ဝန်ကြီးနှစ်ဦးစလုံးတွင် အမှားအယွင်း တစ်စုံတစ်ရာ ရှိခဲ့သည်ဟု စွပ်စွဲထားခြင်းမရှိကြောင်းနှင့် ၎င်းတို့၏ အရောင်းအဝယ်ကိစ္စများကို စင်ကာပူ၏ ဇိမ်ခံအိမ်ခြံမြေဈေးကွက်အတွင်း ကျယ်ပြန့်လာသည့် အလားအလာ၏ သတင်းတန်ဖိုးရှိသော နမူနာများအဖြစ် ထည့်သွင်းဖော်ပြခဲ့ခြင်းသာ ဖြစ်သည်ဟု တရားရင်ဆိုင်ခဲ့သည်။
သို့သော်လည်း အဆိုပါဆောင်းပါးသည် ဝန်ကြီးများအနေဖြင့် ၎င်းတို့၏ အိမ်ခြံမြေအရောင်းအဝယ်များကို ပွင့်လင်းမြင်သာမှုမရှိသော နည်းလမ်းဖြင့် ဆောင်ရွက်ရန်နှင့် ငွေကြေးခဝါချမှုဆိုင်ရာ စစ်ဆေးမှုများ အပါအဝင် စောင့်ကြည့်စစ်ဆေးခံရမှုများမှ ရှောင်လွှဲရန် လက်ရှိစည်းမျဉ်းများကို အသုံးချခဲ့သည်ဟု သာမန်စာဖတ်သူတစ်ဦးက နားလည်နိုင်လောက်ကြောင်း တရားလွှတ်တော်ချုပ် တရားသူကြီး Audrey Lim က သုံးသပ်ဆုံးဖြတ်ခဲ့သည်။ ထိုသို့ သွယ်ဝိုက်ရည်ညွှန်းချက်များသည် ပြင်းထန်ပြီး ဝန်ကြီးများ၏ သစ္စာရှိမှု၊ ကိုယ်ကျင့်တရားနှင့် သက်မွေးဝမ်းကျောင်းဆိုင်ရာ ဂုဏ်သိက္ခာကို တိုက်ရိုက်ထိခိုက်စေခဲ့ကြောင်း တရားသူကြီးက ပြောကြားခဲ့သည်။
ငြင်းခုံမှုဖြစ်ပွားခဲ့သော “Singapore Mansion Deals Are Increasingly Shrouded in Secrecy” (စင်ကာပူ စံအိမ်ကြီးများ အရောင်းအဝယ်ဖြစ်မှု ပိုမိုလျှို့ဝှက်ဆန်းကြယ်လာ) ဟု အမည်ရသည့် အဆိုပါဆောင်းပါးသည် စင်ကာပူရှိ တင်းကျပ်စွာ ထိန်းချုပ်ထားသော Good Class Bungalows (GCB) ခေါ် အဆင့်မြင့်ဇိမ်ခံအိမ်ရာများ ပိုင်ဆိုင်မှုကို ဖုံးကွယ်ရန် ချမ်းသာသော ဝယ်ယူသူအချို့ အသုံးပြုသည့် နည်းလမ်းများကို စူးစမ်းလေ့လာထားခြင်း ဖြစ်သည်။
၎င်းဆောင်းပါးတွင် အကျိုးဆောင်ကုမ္ပဏီများ၊ ယုံမှတ်အပ်နှံမှု (Trust) များ အသုံးပြုခြင်းနှင့် အိမ်ခြံမြေမှတ်ပုံတင် (Caveats) မှတစ်ဆင့် လူသိရှင်ကြား မှတ်တမ်းတင်မထားသည့် အရောင်းအဝယ်များအကြောင်း ဆွေးနွေးထားပြီး ယင်းမှာ ပါဝင်ပတ်သက်သူများအား ဖော်ထုတ်ရန် ပိုမိုခက်ခဲစေခဲ့ကြောင်း ဖော်ပြခဲ့သည်။
အဆိုပါ ဆောင်းပါး၌ ဝန်ကြီး Shanmugam သည် Good Class Bungalow အိမ်တစ်လုံးကို စင်ကာပူဒေါ်လာ ၈၈ သန်းဖြင့် အမည်မဖော်လိုသူ ဝယ်ယူသူတစ်ဦးထံသို့ Trust တစ်ခုမှတစ်ဆင့် ရောင်းချခဲ့ကြောင်း ဖော်ပြထားသည်။ ထို့အပြင် ဝန်ကြီး Tan ကလည်း GCB အိမ်တစ်လုံးအား စင်ကာပူဒေါ်လာ ၂၇ သန်းဖြင့် မှတ်ပုံတင်မထားသော အရောင်းအဝယ်တစ်ခုမှတစ်ဆင့် ဝယ်ယူခဲ့ကြောင်း ရေးသားထားသည်။ ၎င်းအား အလားတူအစီအစဉ်များဖြင့် ဇိမ်ခံအိမ်ခြံမြေများ ဝယ်ယူခဲ့ကြသည့် အခြားသော လူထုခေါင်းဆောင် အများအပြားနှင့်အတူ စာရင်းသွင်းဖော်ပြခဲ့သည်။
ပြီးခဲ့သည့် ဧပြီလ ရုံးထုတ်စစ်ဆေးစဉ်အတွင်း ဝန်ကြီးများက ၎င်းတို့အား ယခုဆောင်းပါးတွင် ထည့်သွင်းဖော်ပြခြင်းသည် ဆောင်းပါး၌ ထောက်ပြထားသည့် လျှို့ဝှက်ခြင်း၊ ပွင့်လင်းမြင်သာမှုမရှိခြင်းနှင့် ငွေကြေးခဝါချမှု စသည့် ပိုမိုကျယ်ပြန့်သော စိုးရိမ်ပူပန်မှုများနှင့် မတရားသဖြင့် ဆက်စပ်ပတ်သက်သွားစေကြောင်း လျှောက်လဲခဲ့ကြသည်။
Bloomberg နှင့် သတင်းထောက် Low တို့ဘက်ကမူ ဆောင်းပါးသည် ဝန်ကြီးများအနေဖြင့် မလျော်ကန်စွာ ပြုမူခဲ့ကြောင်း အရိပ်အယောင်မျှပင် မပြသခဲ့ဟု ချေပခဲ့ပြီး တရားလိုများဘက်က ဆောင်းပါးအပေါ် ဖြစ်နိုင်သမျှ အသရေအပျက်ဆုံး နည်းလမ်းဖြင့် အဓိပ္ပာယ်ကောက်ယူနေခြင်း ဖြစ်သည်ဟု တန်ပြန်စွပ်စွဲခဲ့သည်။ ၎င်းအပြင် အဆိုပါဆောင်းပါးသည် ကျယ်ကျယ်ပြန့်ပြန့် သုတေသနပြု စိစစ်ထားခြင်းဖြစ်ကြောင်းနှင့် သတင်းမထုတ်ပြန်မီ သတင်းထောက်က ဝန်ကြီးများထံမှ မှတ်ချက်တောင်းခံရန် ထပ်ခါတလဲလဲ ကြိုးပမ်းခဲ့ကြောင်းလည်း ပြောကြားခဲ့သည်။
တရားရုံး၏ စီရင်ချက်တွင် Bloomberg သတင်းဌာနနှင့် သတင်းထောက် Low De Wei တို့သည် ဝန်ကြီးတစ်ဦးစီအတွက် စုစုပေါင်း စင်ကာပူဒေါ်လာ ၂၃၀,၀၀၀ စီ ပူးတွဲပေးလျော်ရန် တာဝန်ရှိကြောင်း ဖော်ပြထားပြီး ယင်းပမာဏတွင် ယေဘုယျနစ်နာကြေး စင်ကာပူဒေါ်လာ ၁၇၀,၀၀၀ နှင့် ထိခိုက်မှု ပိုမိုပြင်းထန်စေခြင်းအတွက် နစ်နာကြေး စင်ကာပူဒေါ်လာ ၆၀,၀၀၀ ပါဝင်သည်။
Bloomberg ၏ အယ်ဒီတာချုပ် John Micklethwait က တရားရုံး၏ ဆုံးဖြတ်ချက်အပေါ် စိတ်ပျက်မိကြောင်းနှင့် ၎င်းတို့ ကုမ္ပဏီအနေဖြင့် သတင်းထောက်နှင့် သတင်းခန်းအပေါ် ဆက်လက်ရပ်တည်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
“တရားခွင်မှာ ကျွန်တော်တို့ရဲ့ သတင်းတင်ပြချက်ဟာ တိကျမှန်ကန်ပြီး အများပြည်သူ အကျိုးစီးပွားအတွက် အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့တယ်လို့ တရားရင်ဆိုင်ခဲ့ပါတယ်။ ဝန်ကြီးတွေအနေနဲ့ ခိုင်မာတဲ့ သတင်းတစ်ပုဒ်အပေါ် လွန်လွန်ကဲကဲ အဓိပ္ပာယ်ဆွဲယူနေကြတာ ဖြစ်တယ်လို့ပဲ ကျွန်တော်တို့ ဆက်လက်ယုံကြည်ပါတယ်” ဟု ၎င်းက ရိုက်တာသတင်းဌာနသို့ အီးမေးလ်မှတစ်ဆင့် ပြောကြားခဲ့သည်။ သို့သော်လည်း Bloomberg အနေဖြင့် အယူခံဝင်ရန် အစီအစဉ် ရှိ၊ မရှိကိုမူ ၎င်းက ပြောကြားခြင်းမရှိပေ။
ထို့အတူ ဝန်ကြီးများဘက်မှ လိုက်ပါဆောင်ရွက်ပေးသည့် ဥပဒေလုပ်ငန်းကမူ မှတ်ချက်ပေးရန် တောင်းဆိုချက်ကို ချက်ချင်းတုံ့ပြန်ခြင်း မရှိသေးပေ။
တရားသူကြီး Audrey Lim က သူမ၏ စီရင်ချက်တွင် “ဒီဆောင်းပါးရဲ့ အဓိကရည်ရွယ်ချက်က တရားလိုတွေ၊ အထူးသဖြင့် သူတို့ရဲ့ Good Class Bungalow အရောင်းအဝယ်ကိစ္စတွေအကြောင်း သတင်းဖော်ပြဖို့ ဖြစ်ပါတယ်။ စင်ကာပူက ချမ်းသာတဲ့သူတွေဟာ သူတို့ရဲ့ အရောင်းအဝယ်တွေကို လျှို့ဝှက်ထားဖို့ ဒါမှမဟုတ် ‘မျက်ကွယ်ပြုထားဖို့’ အတွက် မှတ်ပုံတင်မထားတဲ့ အရောင်းအဝယ်တွေနဲ့ Trust ပိုင်ဆိုင်မှုစနစ်တွေကို ဘယ်လိုအသုံးချကြတယ်ဆိုတဲ့ ပိုမိုကျယ်ပြန့်တဲ့ တင်ပြချက်ဟာ အဲဒီသတင်းကို သယ်ဆောင်ဖို့ ဖန်တီးထားတဲ့ မျက်နှာဖုံးတစ်ခုသာ ဖြစ်ပါတယ်” ဟု ရေးသားခဲ့သည်။
စင်ကာပူနိုင်ငံ၏ အွန်လိုင်းမှတဆင့် သတင်းအမှားနှင့် လှည့်ဖြားမှုများမှ ကာကွယ်ရေးဥပဒေ (POFMA) အရ ထုတ်ပြန်ထားသော ပြင်ဆင်ချက်ညွှန်ကြားချက်ကို Bloomberg က လက်ခံရရှိချိန်တွင် ကုမ္ပဏီသည် ဆောင်းပါး၏ ဖတ်ရှုခကြေး (Paywall) ကို ပိတ်သိမ်းပေးလိုက်ပြီး သတင်းအပေါ် လူသိရှင်ကြား ဆက်လက်ရပ်တည်ခြင်းဖြင့် တုံ့ပြန်ခဲ့ကြောင်း ဝန်ကြီးများ၏ ရှေ့နေက တရားခွင်တွင် ထောက်ပြခဲ့သည်။
Bloomberg ၏ အယ်ဒီတာတစ်ဦးက ကျမ်းကျိန်လွှာတွင် စာဖတ်သူများအနေဖြင့် ပြင်ဆင်ချက်သတိပေးချက်ကို မြင်တွေ့နိုင်စေရန်အတွက် ကုမ္ပဏီက Paywall ကို ဖြုတ်ပေးခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။ သို့သော် ထိုပြင်ဆင်ချက် သတိပေးအမိန့်ကို Bloomberg အနေဖြင့် လိုက်နာခဲ့သည်မှာလည်း အစိုးရ၏ အမိန့်ပေး ညွှန်ကြားချက်ကြောင့်သာ ယင်းသတိပေးချက်ကို ဖော်ပြရခြင်းဖြစ်ပြီး ၎င်းတို့၏ သတင်းတင်ပြချက်အပေါ် ဆက်လက်ရပ်တည်ကြောင်း ထည့်သွင်းဖော်ပြခဲ့သည်။
ထို့အတွက် တရားသူကြီးက “ဆောင်းပါးနဲ့ ပတ်သက်တဲ့ Paywall ကို ဖယ်ရှားလိုက်တဲ့ Bloomberg ရဲ့ လုပ်ရပ်ဟာလည်း မသမာတဲ့ ရည်ရွယ်ချက်ရှိကြောင်း ပြသနေတယ်လို့ ကျွန်မ တွေ့ရှိရပါတယ်” ဟု ပြောကြားခဲ့သည်။
ထို့အပြင် တရားသူကြီးက သူမ၏ စီရင်ချက်တွင် သတင်းထောက် Low အနေဖြင့် မှတ်ပုံတင်မထားသော ဘန်ဂလိုအရောင်းအဝယ်များအတွက် ဒေသခံအစိုးရ၏ မှတ်တမ်းများ မပွင့်လင်းမှုကို ဖော်ပြရာ၌ ပေါ့ဆမှုရှိပြီး မှားယွင်းစွာ ဖော်ပြခဲ့ကြောင်း ပြောကြားခဲ့သည်။ ထိုသို့သော မှတ်တမ်းများကို လူထုမှတ်တမ်းများတွင် ထိန်းသိမ်းထားရှိပြီး စင်ကာပူမြေယာ အာဏာပိုင်အဖွဲ့ (Singapore Land Authority) ၏ ပေါင်းစပ်မြေယာသတင်းအချက်အလက် ဝန်ဆောင်မှုမှတစ်ဆင့် ရှာဖွေနိုင်ကြောင်း၊ ယင်းအချက်ကို သတင်းထောက် Low အနေဖြင့် သတင်းထောက်တစ်ဦးအဖြစ် ရှာဖွေမှုများ ပြုလုပ်ခဲ့စဉ်ကတည်းက သိရှိထားကြောင်း ၎င်းက ဆိုသည်။
အဆိုပါ Bloomberg ဆောင်းပါးကို ပြန်လည်မျှဝေခြင်း သို့မဟုတ် ယင်းအပေါ် ဝေဖန်သုံးသပ်ချက်များ ရေးသားခဲ့ကြသည့် အခြားသတင်းဌာနများကိုလည်း ပြင်ဆင်ချက် သတိပေးချက်များ ထုတ်ပြန်ခဲ့သည်။
စင်ကာပူ နိုင်ငံရေးခေါင်းဆောင်များသည် ၎င်းတို့၏ ဂုဏ်သိက္ခာကို ကာကွယ်ရန် တရားဥပဒေကြောင်းအရ အရေးယူဆောင်ရွက်ရန် လိုအပ်သည်ဟု ဆိုကာ ပြည်တွင်းမှ ဝေဖန်သူများနှင့် ပြည်ပမီဒီယာများကို အသရေဖျက်မှုဖြင့် အကြိမ်ကြိမ် တရားစွဲဆို အနိုင်ရရှိခဲ့ဖူးသည်။ သို့သော်လည်း ဝေဖန်သူများကမူ ထိုသို့သော တရားစွဲဆိုမှုများနှင့် ပြင်ဆင်ချက်အမိန့်များသည် အစိုးရတာဝန်ရှိသူများအပေါ် စောင့်ကြည့်စစ်ဆေးခြင်းကို အဟန့်အတားဖြစ်စေနိုင်ကြောင်း ပြောဆိုကြသည်။
ပုံစာ။ Bloomberg သတင်းဌာနမှ အကြီးတန်းအမှုဆောင်အယ်ဒီတာ John Fraher နှင့် သတင်းထောက် Low De Wei (ယာ) တို့အား တရားရင်ဆိုင်အပြီး တွေ့ရစဉ်
Ref : Reuters & Khaosod
