
သက်တံ့
၁၄. ၇. ၂၀၂၆
အိန္ဒိယနိုင်ငံအရှေ့ပိုင်း အနောက်ဘန်ဂေါ (West Bengal) ပြည်နယ်တွင် ရာသီဥတုဆိုးရွားမှုကြောင့် ဇူလိုင် ၂ ရက်ကတည်းက ရေလုပ်သား ၁၅ ဦး လိုက်ပါသွားသည့် ငါးဖမ်းစက်လှေတစ်စီး ပျောက်ဆုံးခဲ့ပြီးနောက်၊ အဆိုပါစက်လှေပေါ်ပါ ရေလုပ်သား ၉ ဦး၏ ရုပ်အလောင်းများကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပြီး အခြား ၆ ဦးမှာမူ ဆက်လက်ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ပြည်နယ်အစိုးရအရာရှိတစ်ဦးက အင်္ဂါနေ့ (ဇူလိုင် ၁၄ ရက်) တွင် ပြောကြားခဲ့သည်။
အဆိုပါဖြစ်စဉ်မှာ ဒီရေတောများကြောင့် နာမည်ကျော်သည့် အနောက်ဘန်ဂေါပြည်နယ်ရှိ ဆွန်ဒါဘန် (Sundarbans) ဒေသတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ကံဆိုးမိုးမှောင်ကျခဲ့သည့် ရေလုပ်သားများသည် အနောက်ဘန်ဂေါပြည်နယ်၏ ဒစ်ဂါ (Digha)၊ နာဒီယာ (Nadia)၊ ဟောင်ရာ (Howrah)၊ အရှေ့မီဒီနီပူရ် (East Medinipur) ဒေသများနှင့် အိမ်နီးချင်း ဩဒိဿ (Odisha) ပြည်နယ်တို့မှ လာရောက်ကြသူများ ဖြစ်ကြသည်။
ပျောက်ဆုံးနေသည့် ရေလုပ်သားများကို ရှာဖွေနိုင်ရန် အိန္ဒိယကမ်းခြေစောင့်တပ်ဖွဲ့၊ အိန္ဒိယရေတပ်၊ အနောက်ဘန်ဂေါရဲတပ်ဖွဲ့၊ ပြည်နယ်မီးသတ်ဦးစီးဌာနနှင့် သစ်တောဦးစီးဌာနတို့မှ တပ်ဖွဲ့ဝင်များက ကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်သည်။
မီဒီယာများ၏ ဖော်ပြချက်အရ ရေလုပ်သား ၁၅ ဦးပါဝင်သော အဖွဲ့တစ်ဖွဲ့သည် ဇူလိုင် ၂ ရက်က ငါးဖမ်းရန် ထွက်ခွာသွားခဲ့ပြီးနောက် တစ်ပတ်နီးပါးခန့် အဆက်အသွယ်ပြတ်တောက်သွားခဲ့ကြောင်း သိရသည်။ နောက်ဆုံးတွင် ဇူလိုင် ၈ ရက်၌ ၎င်းတို့၏ စက်လှေအင်ဂျင် ချို့ယွင်းနေကြောင်း အကူအညီတောင်းခံသည့် ဖုန်းခေါ်ဆိုမှုတစ်ခု ရရှိခဲ့သဖြင့် အဆက်အသွယ် ပြန်လည်ရရှိခဲ့သည်။ ၎င်းတို့ကို ရှာဖွေရန် ကြိုးပမ်းခဲ့ကြသော်လည်း မအောင်မြင်ခဲ့ဘဲ ယခုမှသာ အလောင်း ၉ လောင်း ပြန်တွေ့ခဲ့ခြင်းဖြစ်သည်။
Ref: Xinhua
