သက်တံ့
၁၄. ၇. ၂၀၂၆
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ဘောလုံးဝါသနာရှင်များသည် ၂၀၂၆ ဖီဖာကမ္ဘာ့ဖလား (FIFA World Cup 2026) ဗိုလ်လုပွဲကို ဇူလိုင် ၁၉ ရက် တနင်္ဂနွေနေ့ညမှ ဇူလိုင် ၂၀ ရက် တနင်္လာနေ့ အရုဏ်တက်အချိန်အထိ ဝချီရာဗန်ချာသတ်ပန်းခြံ (Wachirabenchathat Park(မီးရထားပန်းခြံ)) တွင် ဧရာမ LED စခရင်ကြီးဖြင့် အခမဲ့ လာရောက်ကြည့်ရှုနိုင်မည့် အခွင့်အရေး ရရှိတော့မည်ဖြစ်သည်။
ထိုင်းနိုင်ငံအတွင်း ၂၀၂၆ ဖီဖာကမ္ဘာ့ဖလား တိုက်ရိုက်ထုတ်လွှင့်ခွင့် မူပိုင်ခွင့်ရရှိထားသည့် Jasmine International Public Company Limited (JAS) သည် Monomax streaming ပလက်ဖောင်းကို လည်ပတ်နေသည့် Mono Next Public Company Limited (MONO) နှင့် ပူးပေါင်းကာ ဤပွဲကို စီစဉ်ကျင်းပခြင်း ဖြစ်သည်။
“FIFA WORLD CUP 2026™ ONE NIGHT ONE CHAMPION” ဟု အမည်ပေးထားသည့် ဤပွဲကို နေရာပံ့ပိုးကူညီပေးသည့် ဘန်ကောက်မြို့တော်စည်ပင်သာယာရေးအဖွဲ့ (BMA) ၏ ကူညီထောက်ပံ့မှုဖြင့် ကျင်းပခြင်း ဖြစ်သည်။
ဗိုလ်လုပွဲကို အလင်းအမှောင်နှင့် အသံစနစ်အပြည့်အစုံ တပ်ဆင်ထားသည့် ဧရာမ LED စခရင်ကြီးဖြင့် တိုက်ရိုက်ပြသသွားမည်ဖြစ်သည်။ ပွဲစီစဉ်သူများ၏ ပြောကြားချက်အရ အဆိုပါပွဲကြည့်ဧရိယာသည် အားကစားကွင်းအတွင်း တိုက်ရိုက်ကြည့်ရှုနေရသည့် လေထုအတိုင်း ခံစားရစေရန် ရည်ရွယ်ပုံဖော်ထားခြင်းဖြစ်ကြောင်း သိရသည်။
ပွဲမစတင်မီ အစီအစဉ်တွင် ဘောလုံးဝေဖန်ဆန်းစစ်သူများနှင့်အတူ နှစ်သင်းစလုံး၏ အခြေအနေ၊ ကစားကွက်ဗျူဟာများနှင့် ဗိုလ်လုပွဲမတိုင်မီ အဓိကဆွေးနွေးရမည့်အချက်များကို ကြိုတင်သုံးသပ်ဆွေးနွေးသွားမည် ဖြစ်သည်။ ပွဲစတင်ကန်သည့်အချိန်မှစ၍ အဆုံးသတ်ခရာမှုတ်သည်အထိ ထိုင်းနိုင်ငံ၏ ထိပ်တန်းဘောလုံးနောက်ခံစကားပြောသူများက တိုက်ရိုက် Live အသံလွှင့် တင်ဆက်ပေးသွားမည် ဖြစ်သည်။
ပွဲကျင်းပမည့်နေရာကို ဇူလိုင် ၁၉ ရက် တနင်္ဂနွေနေ့ည ၁၁ နာရီခွဲတွင် စတင်ဖွင့်လှစ်ပေးမည်ဖြစ်ပြီး ၂၀၂၆ ဖီဖာကမ္ဘာ့ဖလား ဗိုလ်လုပွဲကို ဇူလိုင် ၂၀ ရက် တနင်္လာနေ့ နံနက် ၂ နာရီတွင် စတင်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။ ပွဲသို့ ဝင်ရောက်ရာတွင် ဝချီရာဗန်ချာသတ်ပန်းခြံ၏ ဂိတ်အမှတ် (၃) မှတစ်ဆင့်သာ ဝင်ရောက်ခွင့်ပြုမည် ဖြစ်သည်။
JAS ၏ ပြောကြားချက်အရ ဤပွဲသည် ထိုင်းဘောလုံးဝါသနာရှင်များအတွက် ပြိုင်ပွဲကြီးမပြီးဆုံးမီ ပွဲကြည့်ပရိသတ်အများအပြားနဲ့အတူ စုပေါင်းကြည့်ရှုနိုင်မည့် နောက်ဆုံးအခွင့်အရေးဖြစ်ကြောင်း ဖော်ပြထားသည်။
၂၀၂၆ ဖီဖာ ကမ္ဘာ့ဖလား (2026 FIFA World Cup) ၏ ဗိုလ်လုပွဲကြီးကို မြန်မာစံတော်ချိန် ၂၀၂၆ ခုနှစ် ဇူလိုင်လ ၂၀ ရက် နံနက် ၁ နာရီခွဲအချိန် ( အမေရိကန်စံတော်ချိန် ၂၀၂၆ ခုနှစ် ဇူလိုင်လ ၁၉ ရက်) တွင် အမေရိကန်ပြည်ထောင်စု၊ နယူးဂျာစီပြည်နယ်၊ အီးစ်တ် ရူသာဖို့ဒ်ရှိ New York New Jersey Stadium (MetLife Stadium) ၌ ကျင်းပသွားမည် ဖြစ်ပြီး လက်ရှိတွင် ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ် (အကြိုဗိုလ်လုပွဲ) အဆင့်သို့ ရောက်ရှိနေကာ အဆိုပါအဆင့်သို့ ပြင်သစ် နှင့် စပိန်၊ အင်္ဂလန်နှင့် အာဂျင်တီးနားတို့ ထိပ်တိုက်တွေ့ဆုံနေကာ အဆိုပါ လေးသင်းအနက်မှ အနိုင်ရသည့်နှစ်သင်းက ဗိုလ်လုပွဲတွင် တွေ့ဆုံကြမည်ဖြစ်သည်။
Ref : Thaiger
