၁၃. ၇. ၂၀၂၆
Written by Linn Eain
လျှပ်စစ်ဓာတ်အားကို မသမာနည်းဖြင့် တရားမဝင်သုံးစွဲနေသူများ ယခုလအတွင်း အကြောင်းကြားလာပါက ဖြေလျှော့ပေးမည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် စွမ်းအင်အရင်းအမြစ်မျိုးစုံမှ ဓာတ်အားပိုမိုထုတ်လုပ်နိုင်ရေးကြိုးပမ်းနေသကဲ့သို့ ပြည်သူများ လျှပ်စစ်ဓာတ်အားကို စနစ်တကျသုံးစွဲလာစေရန် အသိပညာပေးခြင်း၊ တိုက်တွန်းနှိုးဆော်ခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိသည်။ ထို့အတူ နည်းပညာကြောင့် ဓာတ်အားပျောက်ဆုံးမှုနှင့် နည်းပညာကြောင့် မဟုတ်သည့် ဓာတ်အားပျောက်ဆုံးမှု(ဓာတ်အားခိုးယူသုံးစွဲမှု)များ လျော့နည်းပပျောက်သွားစေရေးအတွက်လည်း အစီအမံများချမှတ်ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာတွင် နည်းပညာကြောင့်မဟုတ်သည့် ဓာတ်အားပျောက်ဆုံးမှုများ ပပျောက်စေရေးအတွက် မသမာသောနည်းလမ်းဖြင့် လျှပ်စစ်ဓာတ်အား တရားမဝင်သုံးစွဲမှုများကို အဖွဲ့များ ဖွဲ့စည်း၍ ဖော်ထုတ်အရေးယူလျက်ရှိသည်။
ထို့အပြင် Smart Meter စနစ်သို့ ကူးပြောင်းနိုင်ရေး တွန်းအားပေးဆောင်ရွက်နေသကဲ့သို့ ပြည်သူများအနေဖြင့် ကိုယ်တိုင် မီတာဖတ်ရှု၍ မီတာခ ပေးဆောင်နိုင်မည့်အပြင် Control Centre များမှ စောင့်ကြည့်စစ်ဆေးနိုင်သည့် Digital စနစ်တစ်ခု တည်ဆောက်ခြင်းကိုလည်း တစ်ပြိုင်တည်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ လျှပ်စစ်ဓာတ်အားသုံးစွဲသူများအနေဖြင့် မသမာသောနည်းလမ်းများကို အသုံးပြု၍ တရားမဝင်ဓာတ်အားရယူသုံးစွဲမှုများ ပြုလုပ်ထားပါက ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက် နောက်ဆုံးထားပြီး သက်ဆိုင်ရာဌာနများသို့ ဆက်သွယ်အသိပေးကြပါရန်နှင့် ယင်းသို့အသိပေးလာပါက ဖြေလျှော့ပေးခြင်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
အဆိုပါကာလကျော်လွန်ပြီးချိန်တွင် တရားမဝင်ဓာတ်အား သုံးစွဲမှုများကို Control Center များမှစစ်ဆေးတွေ့ရှိပါက ပြဌာန်းထားသည့် လျှပ်စစ်ဥပဒေများနှင့်အညီ ဒဏ်ကြေးငွေ ပေးဆောင်စေခြင်း၊ မီတာအသုံးပြုခွင့်ကို ကာလအကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းနှင့် လုပ်ငန်းလိုင်စင်ပိတ်သိမ်းခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန (နေပြည်တော်) ၀၆၇-၃၄၁၀၀၇၂၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) ၁၇၁၇၊ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (MESC) ၀၂-၄၀၃၉၃၃၀၊ ၀၂-၄၀၇၃၆၆၆၊ ၀၂-၄၀၇၂၆၁၈ (Hot Line)၊ ၁၆၁၆ နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များ အနေဖြင့် ၀၆၇-၃၄၁၀၄၀၇၊ ၀၉၆၈၂၂၃၂၆၀၀၊၀၉၆၆၅၄၃၂၅၇၅ စသည့် Call Center ဖုန်းနံပါတ်များသို့ ဆက်သွယ်သတင်းပို့ကြရန်လည်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက အသိပေးထားသည်။
